အောက်တိုဘာ၊ ၁၁
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ မူကြိုကျောင်းနေအရွယ် ကလေးငယ်တဦးကို ပြန်ပေးဆွဲဖို့ ကြိုးစားတဲ့ လက်နက်ကိုင်လူတစုကို ပစ်ခတ်၊ ဖမ်းဆီးရခဲ့ပြီး ကလေးငယ်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLP/TNLA)က ထုတ်ပြန်ပါတယ်။
မူကြိုကျောင်းနေအရွယ် ကလေးတဦးကို မိခင်ဖြစ်သူက ကျောင်းလိုက်ပို့ပေးနေချိန် အောက်တိုဘာ ၉ ရက်မနက်ပိုင်းမှာ ကားနှစ်စီးနဲ့ ရောက်လာတဲ့ ပြန်ပေးဆွဲသူတွေက ကလေးကို လုယူဖမ်းခေါ်သွားတာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံလူထုရဲ့ သတင်းပို့တိုင်ကြားချက်တွေအရ TNLA တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးချိန်မှာ ပြန်ပေးဆွဲအဖွဲ့က စတင်ပစ်ခတ်တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး တဦးသေဆုံးခဲ့တာလို့လည်း ဆိုထားပါတယ်။ ကလေးငယ်ကိုတော့ မိဘတွေဆီ ပြန်အပ်လိုက်ပြီလို့ သိရပါတယ်။
ဒေသတွင်း သတင်းဌာနတွေကတော့ လုယူဖမ်းခေါ်ခံခဲ့ရတဲ့ ကလေးဟာ ဒဏ်ရာအနည်းငယ် ရသွားခဲ့တာကြောင့် မန်စီမြို့ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ရေးသားဖော်ပြ
ထားကြပါတယ်။
ဖမ်းဆီးရမိသူ တွေကို PSLF/ TNLA ရဲ့ တရားဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပြီး ဘယ်ဥပေဒပုဒ်မတွေနဲ့ အရေးယူမယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲ ဖော်ပြမထားပါဘူး။
ကလေးငယ်ကို ပြန်ပေးဆွဲတဲ့သူတွေဆီကနေ Glock အမျိုးအစား ပစ္စတိုသေနတ် (၂)လက်၊ Crown ကား (၂)စီး၊ ဖုန်း (၃)လုံး၊ မြန်မာငွေ ကျပ်သိန်း (၂၀)၊ တရုတ်ငွေ ယွမ် (၂၄၀)၊ မြန်မာနိုင်ငံသားမှတ်ပုံတင် (၃)ခုနဲ့ တရုတ်နိုင်ငံဝင်ခွင့်ဗီဇာကဒ် (၂)ခုတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေမှာ အာဏာသိမ်းပြီးနောက်ပိုင်း ပြန်ပေးဆွဲ၊ ခြိမ်းခြောက်ငွေတောင်းတဲ့ ဖြစ်စဉ်တွေ မကြာခဏဆိုသလို ရှိနေပြီး ကလေးငယ်တွေကို ဦးတည်ပစ်မှတ်ထားလာကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ အဓိကကတော့ ဥပဒေစိုးမိုးမှုပေါ့နော်၊ မူးယစ်ဆေးဝါးတွေ အလွယ်တကူ ရတယ်၊ လောင်းကစားဝိုင်းတွေ ပေါတယ်၊ ဒါတွေကြောင့်ပဲ ဒီလိုဖြစ်စဉ်တွေ ဖြစ်နေရတာလို့ ထင်တယ်၊ အာဏာသိမ်းပြီးနောက်ပိုင်းက ပိုဆိုးလာတာပေ့ါ ” လို့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခု မတ်လအတွင်းကလည်း ကွတ်ခိုင်မြို့နယ်မှာ ၉ နှစ်အရွယ် ကလေးငယ်တဦးကို လူတစုက ပြန်ပေးဆွဲသွားခဲ့ပြီး မိသားစုဆီက ငွေတောင်းကာ ကလေးငယ်ကိုလည်း သတ်ဖြတ်လိုက်ကြတယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ရေးသားထားကြပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ ကျောက်မဲ၊ မူဆယ်၊ လားရှိုး တို့မှာလည်း အခုနှစ်အတွင်းမှာပဲ ပြန်ပေးဆွဲ၊ ခြိမ်းခြောက်ငွေတောင်းတဲ့ ဖြစ်စဉ်တွေ ရှိခဲ့တာ သတင်းမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
ဓာတ်ပုံ – TNLA