အောက်တိုဘာ ၊ ၁၀
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ လမ်း(၈၀)နဲ့ (၉)လမ်းထောင့်ရှိ အမှတ်(၄)ရဲစခန်းရှေ့မှာ အောက်တိုဘာလ ၁၀ ရက်၊ ဒီနေ့ညနေပိုင်းမှာ နယ်ထိန်းအဆင့်ရှိရဲတဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။
“ သူစခန်းအပြင်ထွက်လာတဲ့အချိန်(ညနေ) ၆နာရီဝန်းကျင်မှာ လုပ်တာ ပွဲချင်းပီးပါပဲ။ နားထင် ကိုတော့ပြီး ပစ္စတိုနဲ့တေ့ပစ်ခဲ့တာပါ “ လို့ ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) Generation Z Power – GZP (Mandalay) တာဝန်ရှိသူတဦးကပြောပါတယ်။
ဒီပစ်ခတ်မှုဟာ ဒီလ ၇ ရက်တုန်းက အောင်မြေသာစံမြို့နယ်၊ ညောင်ပင်စျေးအနီး ၁၉ လမ်းနဲ့ ၈၆ လမ်းထောင့်က မြို့နယ်ထွေအုပ်ရုံးမှာ အစောင့်ကျနေတဲ့ တပ်ကြပ်ကြီးတဦးကို အဲဒီအဖွဲ့က ပစ်ခတ်ပြီး သုံးရက်အကြာမှာ ဒုတိယမြောက်ပစ်ခတ်မှုပါ။
သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးသွားသူမှာ အမှတ်(၄) ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ နယ်ထိန်းတဦးဖြစ်ပြီး စစ်ကောင်စီတပ်က လူမှုကူညီရေးအသင်းကားနဲ့ အလောင်းလာကောက်သွားတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။
“ သူ(ရဲ) က အပြင်နေပြန်လာတာ။ အဲဒါ့ကို လူနှစ်ယောက်က ဆိုင်ကယ်နဲ့ အနားကပ်ပြီး သေနတ်နဲ့ ကပ်ပစ်သွားတာပဲ။ ခေါင်းမှန်ပြီး သေသွားတယ် “ လို့ ဒေသခံ တဦးကပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေကတော့ အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်၊ (၉)လမ်း၊ (၇၉)လမ်းနဲ့ လမ်း(၈၀)ကြားမှာ ရဲတပ်သားအဆင့်တစ်ယောက် အပြင်ကနေ စခန်းကို ပြန်လာချိန် ပစ်ခတ်ခံရပြီး မသေသေးဘဲ တပ်မတော် စစ်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
“ ပုံမှန်ဆို အဲစခန်းကလူတွေက အရပ်ဝတ်နဲ့ပဲ အပြင်သွားတာများတယ်။ အခုဟာက သူစခန်းထဲဝင်တဲ့အချိန်လေးမှာပစ်ခံလိုက်ရတဲ့သဘောပဲ ။ရဲစခန်းရှေ့မှာ အတားအဆီးတွေတော့ရှိသေးတယ် ။အရင်လိုလမ်းပိတ်ထားတာမျိုးတော့မဟုတ်တော့ဘူး “ လို့ ဒေသခံ တဦးကပြောပါတယ်။
အဲဒီပစ်ခတ်မှုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေအပြင် မြောက်ပြင်နယ် တခုလုံးကို အဖွဲ့တွေခွဲပြီး စစ်ဆေးနေတယ်လို့ လည်း ဒေသခံတွေကဆိုကြပါတယ်။
ဒီလ ၂ ရက်ကလည်း အလယ်ပိုင်းတိုင်း စစ်ဌာနချူပ်ရုံးစိုက်ရာ နန်းတွင်းနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ကျုံးတောင်ဖက် ၇၄ လမ်းနဲ့ ၇၅ လမ်းကြား ၂၆ လမ်းနဲ့ ၂၇ လမ်းကြားရှိ နေအိမ်တလုံးပေါ် လက်နက်ကြီးကျ ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးမှု ဖြစ်ပွါးခဲ့ပါသေးတယ်။