ပုလောမှာ လက်နက်ကြီးထိလို့ PDF တပ်စိတ်မှူးတဦး ကျဆုံး၊ နှစ်ဦးဒဏ်ရာရ

စက်တင်ဘာ၊ ၁၂
 
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာမှာ စက်တင်ဘာလ ၁၁ ရက်၊ မနေ့က ညနေ ၆ နာရီခွဲလောက်က စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်စိတ်မှူးတဦး ကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။
 
” ရဲဘော်တွေနေတဲ့ အိမ်ပေါ်တည့်တည့်ကျပြီး တပ်စိတ်မှူး ပွဲချင်းပြီး ဆုံးပါတယ်။ ရဲဘော်တချို့ ဒဏ်ရာရတယ် ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၊ ပြန်ကြားရေးတာဝန်ရှိသူက DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက အသက်သုံးဆယ်အရွယ်ဝန်းကျင်ရှိတဲ့ တပ်စိတ်မှူး ကိုဇင်ကျဆုံးခဲ့ပြီး တခြားတပ်ဖွဲ့ဝင်နှစ်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ကာ တဦးကတော့ အခြေအနေ စိုးရိမ်ရတဲ့ အနေအထား ရှိတယ်လို့ သူကပြောပါတယ်။
 
ကျဆုံးခဲ့တဲ့ တပ်စိတ်မှူး ကိုဇင်ကို စက်တင်ဘာလ ၁၂ ရက်၊ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်အခမ်းအနားနဲ့ သဂြိုလ်ကာ အမိန့်ပြန်တမ်း ဖတ်ခဲ့တယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆက်လက်ပြောကြားပါတယ်။
 
ပုလောအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၈၅)၊ မြဒေါင်ကျေးရွာနဲ့ နှစ်မိုင်လောက်အကွာ တိုတောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မြဒေါင်ရွာ အနောက်ဘက် ပင်လယ်ပြင်မှာရှိတဲ့ ရေတပ်စစ်သင်္ဘောတို့ကနေ အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။
 
” လက်နက်ကြီးက ညလုံးပေါက်ပစ်နေတာ၊ အချက်ရေ လေးဆယ်၊ ငါးဆယ်လောက်ရှိတယ် ” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
ဒါ့အပြင် ပုလောမြို့နဲ့ ခြောက်မိုင်လောက်အကွာမှာရှိတဲ့ မြဒေါင်ကျေးရွာရဲ့ အနောက်ဘက် ပင်လယ်ပြင်မှာတော့ စစ်ကောင်စီတပ်ရဲ့ ရေတပ်စစ်သင်္ဘော လေးစီး ရှိနေတယ်လို့လည်း မျက်မြင်ဒေသခံတွေ ပြောပြတာကို ကိုးကားပြီး သူက ပြောပါတယ်။
 
” သူတို့က သုံးဖက်ညှပ်ပစ်လို့ ဘယ်ဘက်က ပစ်တဲ့ဟာ ထိမှန်းတော့ ကျနော်တို့ မသိဘူး။ ဒီမနက် (စက်တင်ဘာ ၁၂ ရက်)ကတော့ ပစ်သံမကြားသေးဘူး ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
 
စက်တင်ဘာ ၁၁ ရက် မနေ့ကတော့ မနက် ငါးနာရီလောက်ကနေ နေ့လယ် ၁၂ နာရီလောက်အထိ မြဒေါင်ကျေးရွာနဲ့ မိုင်ဝက်ခန့်အကွာ ပိတပ်ရွာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားခဲ့ပါတယ်။
 
အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အကျအဆုံးမရှိခဲ့ပေမယ့် ရွာသားတဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကတော့ အရာရှိ တဦး သေဆုံးခဲ့တဲ့အပြင် လေးဦး ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြောပါတယ်။
 
လက်ရှိမှာတော့ အဲကျေးရွာတွေ တဝိုက်မှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး မြဒေါင်ရွာနဲ့ ပိတပ်ရွာတို့က ဒေသခံ ငါးရာဝန်းကျင်ကတော့ ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ သိရပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကလည်း ပုလောမြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်လို့ ပြည်သူတွေအနေနဲ့ အရေးကြီး စာရွက်စာတမ်းတွေ၊ တန်ဖိုးကြီးပစ္စည်းတွေကို သေချာသိမ်းဆည်းထားကြဖို့နဲ့ စစ်ရေးသတိ ရှိကြဖို့ တိုက်တွန်းထားပါတယ်။
 
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း (ပုံဟောင်း)
ပုံစာ – ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း တပ်ဖွဲ့ဝင်တဦးရဲ့ ရုပ်အလောင်းကို သဂြိုလ်ဖို့ ပြင်ဆင်ထားပုံ။