စက်တင်ဘာ၊ ၁၂
ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကသာ အိန္ဒိယ နိုင်ငံရဲ့ တရားဝင် နာမည်ကို တကယ်ပဲ ပြောင်းလဲခဲ့မယ်ဆိုရင် ရယ်စရာကောင်းတဲ့ စတန့်ထွင်မှု ဖြစ်လာမယ်လို့ အဓိက အတိုက်အခံ ခေါင်းဆောင်က ဝေဖန်လိုက်ပါတယ်။
အိန္ဒိယ နိုင်ငံရဲ့ တရားဝင် နာမည်ကို ပြောင်းလဲတော့မယ်ဆိုတဲ့ သတင်းတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း အတော်လေး လူပြောများလာခဲ့ပါတယ်။ G20 ညီလာခံမှာ ဝန်ကြီးချုပ် မိုဒီက သူ့နိုင်ငံရဲ့ နာမည်စာတန်းကို ပထမဆုံး အကြိမ်အဖြစ် ဘာဟ်ရတ်လို့ တရားဝင် ရေးထိုးစေခဲ့တဲ့နောက် နိုင်ငံနာမည် အပြောင်းအလဲကိစ္စ ဖြစ်နိုင်ခြေ ကောလာဟလတွေ ပိုမို အားကောင်းလာပါတယ်။
ဒါပေမဲ့ အိန္ဒိယရဲ့ အဓိက အတိုက်အခံ ခေါင်းဆောင် ရာဟူးလ် ဂန္ဒီကတော့ မိုဒီသာ နိုင်ငံနာမည်ကို တကယ်ပဲ ပြောင်းပစ်မယ်ဆိုရင် တော်တော်ကို ရယ်စရာကောင်းပြီး အဓိပ္ပါယ် ကင်းမဲ့တဲ့ လုပ်ရပ် ဖြစ်လိမ့်မယ်လို့ ဝေဖန်သွားခဲ့ပါတယ်။ ဂန္ဒီဟာ လောလောဆယ် ဥရောပကို ၅ ရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေပါတယ်။
အတိုက်အခံ ကွန်ဂရက် ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဂန္ဒီက မိုဒီ ဦးဆောင်တဲ့ အိန္ဒိယ အစိုးရဟာ လာမယ့် ရွေးကောက်ပွဲအတွက် အတိုက်အခံတွေက အားကောင်းကောင်းနဲ့ စုစည်းထားတဲ့ မဟာမိတ် အင်အားစုသစ်ဆီကနေ ပြည်သူတွေကို အာရုံလွှဲတဲ့ သဘောနဲ့ နိုင်ငံနာမည် ပြောင်းပစ်ဖို့ထိ အားထုတ်လာတာ ဖြစ်နိုင်တယ်လို့ လှောင်ပြောင်ခဲ့ပါတယ်။ မိုဒီဦးဆောင်တဲ့ အာဏာရ ဘာဟ်ရာတီယာ ဂျနက်တာ ပါတီ (BJP)ဟာ ကျဉ်းထဲကျပ်ထဲ အခြေအနေတွေရောက်တိုင်း အခုလို လူပြောများစေမယ့် အာရုံလွှဲတဲ့ နည်းဗျူဟာတွေ သုံးလေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။
အိန္ဒိယ အတိုက်အခံ ပါတီတွေဟာ အိန္ဒိယ အမျိုးသား ဖွံ့ဖြိုးရေးနဲ့ လွှမ်းခြုံပါဝင်မှု မဟာမိတ်များဆိုတဲ့ အင်အားစုကို ထူထောင်ဖို့ စီစဉ်နေပြီး အတိုကောက် အနေနဲ့ (INDIA)လို့ နာမည်ခေါ်တွင်စေမှာ ဖြစ်ပါတယ်။ ဂန္ဒီက အဲဒီ အင်အားစုရဲ့ နာမည်မှည့်ခေါ်မှုနဲ့ အတိုကောက် သတ်မှတ်ချက်တွေက အတော်လေး စိတ်ကူးကောင်းတယ်လို့ ချီးကျူးခဲ့ပြီး တဖက်မှာတော့ မိုဒီက နိုင်ငံနာမည်ပါ ပြောင်းပစ်ချင်တဲ့ထိ သက်ရောက်မှုတွေ ရှိခဲ့ပုံ ပေါ်တယ်လို့ ပြောကြားသွားပါတယ်။
လက်ရှိ အချိန်ထိတော့ အိန္ဒိယ အစိုးရဟာ နိုင်ငံနာမည်ကို ပြောင်းလဲပစ်တော့မယ် ဆိုတာမျိုး တရားဝင် ကြေညာထားတာမျိုး မရှိသေးပါဘူး။ အခုနှစ်ထဲမှာ တူရကီ နိုင်ငံဟာလည်း တရားဝင် နာမည်ကို တာကီယီ နိုင်ငံလို့ ပြောင်းလဲ သတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။
Ref: Al Jazeera