စက်တင်ဘာ၊ ၆
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပနေတဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ပထမနေ့အပြီး စက်တင်ဘာလ ၅ ရက်မှာ ထုတ်ပြန်တဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက် အကောင်ထည်ဖော်မှုအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အာဆီယံအလှည့်အကျ ဥက္ကဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဘက်က အဲဒီ သုံးသပ်ချက်နဲ့ ဆုံးဖြတ်ချက် မထုတ်ပြန်မီ မူကြမ်းကို မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် ထုတ်ပြန်တဲ့အခါမှာတော့ မြန်မာနိုင်ငံဘက်က အမြင်နဲ့ ရပ်တည်ချက်တွေကို ထည့်သွင်းမဖော်ပြဘဲ အာဆီယံဘက်က လျစ်လျူရှုတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ဒါ့အပြင် အာဆီယံခေါင်းဆောင်တွေရဲ့ အဲဒီထုတ်ပြန်ချက်မှာ အပြုသဘောမဆောင်တဲ့ သုံးသပ်ချက်တွေနဲ့ တဖက်သတ်ဆန်ပြီး မျှတမှုမရှိတဲ့ ဆုံးဖြတ်ချက်တွေ ပါရှိတာကြောင့် ကန့်ကွက်ရတာလို့လည်း ဆိုပါတယ်။
အာဆီယံခေါင်းဆောင်တွေဘက်ကတော့ မြန်မာစစ်ကောင်စီဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဧပြီလကတည်းက သူတို့ သဘောတူလက်ခံထားခဲ့တဲ့ ဘုံသဘောတူညီချက် ငါးချက်ကို သိသာထင်ရှားတဲ့ အကောင်ထည်ဖော်မှု မရှိတဲ့အပေါ် အထူးစိုးရိမ်ကြောင်း သုံးသပ်ချက်အပါအဝင် သုံးသပ်ချက် ရှစ်ချက်နဲ့ ဆုံးဖြတ်ချက်ဆယ်ချက်ကို ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံက အလှည့်ကျတာဝန်ယူရမယ့် ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဌ နေရာအတွက်တော့ မြန်မာအစား ဖိလစ်ပိုင်ကို ခန့်အပ်တာဝန်ပေးဖို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြပါတယ်။
အလားတူပဲ ၄၀ ကြိမ်နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ဆုံးဖြတ်ခဲ့တဲ့အတိုင်းပဲ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးတွေကို မြန်မာဘက်က နိုင်ငံရေးအရ ကိုယ်စားပြုမှုမရှိသူကို တက်ခွင့်ပြုမယ်ဆိုတဲ့ မူကို ဆက်ကိုင်ထားမယ်လို့ အာဆီယံခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကိုတော့ မြန်မာဘက်က ကိုယ်စားပြုတက်ရောက်သူ မရှိပါဘူး။
စစ်ကောင်စီကတော့ အာဆီယံပဋိညာဉ် အပိုဒ် ၅ ပါ ” အခွင့်အရေးနဲ့ တာဝန်ဝတ္တရား ” မူနဲ့ သွေဖယ်ပြီး မြန်မာနိုင်ငံရဲ့ အခွင့်အရေးဖြစ်တဲ့ တန်းတူရည်တူကိုယ်စားပြုမှုကို ငြင်းပယ်ခံရတာကြောင့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို မတက်ရောက်တာလို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်နဲ့ အခြေခံမူတွေကို လေးစားလိုက်နာပြီး အဖွဲ့ဝင်နိုင်ငံ တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဖို့ကိုလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
အာဆီယံဘက်ကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ငါးချက်ကို ဆက်လက်ကိုင်စွဲထားမှာဖြစ်ပြီး အာဆီယံရဲ့ ချဉ်းကပ်မှုဟာ မြန်မာနိုင်ငံတဝှမ်း လူသားချင်းစာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့နဲ့ အကြမ်းဖက်မှုတွေ ရပ်စဲရေး အားလုံးပါဝင်နိုင်တဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတရပ် ထူထောင်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အာဆီယံအနေနဲ့ မြန်မာနိုင်ငံတဝှမ်း ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အပြင်းအထန်ရှုတ်ချထားပြီး မြန်မာစစ်တပ်အပါအဝင် တခြားလက်နက်ကိုင် အစုအဖွဲ့အားလုံးအနေနဲ့ လူနေအိမ်၊ ဘာသာရေးအဆောက်အအုံ၊ စာသင်ကျောင်း၊ ဆေးရုံတွေ၊ စျေး စတဲ့ နေရာတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ အကြမ်းဖက်မှုတွေကို လျှော့ချကြဖို့ အာဆီယံက တိုက်တွန်းထားပါတယ်။
စက်တင်ဘာ ၅ ရက် မနေ့က စတင်တဲ့ ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး အမေရိကန် ဒုသမ္မတ ကင်မ်လာ ဟဲရစ်လည်း အစည်းအဝေး တက်ရောက်ဖို့ ရှိနေပါတယ်။
ဓာတ်ပုံ – Reuters