စက်တင်ဘာ ၊ ၂
ရန်ကုန် စစ်ကောင်စီရဲ့ အွန်လိုင်းထီဟာ အလုပ်မဖြစ်ခဲ့တာကြောင့် ဒီလကစပြီးရိုက်နှိပ်ရောင်းချမယ့် စောင်ရေကို လျှော့ချလိုက်တယ်လို့ ထီလုပ်ငန်းအသိုင်းအဝိုင်းကသိရပါတယ်။ စစ်ကောင်စီလက်အောက်ခံအောင်ဘာလေသိန်းဆုဌာနက အွန်လိုင်းထီစဖွင့်တဲ့ဇွန်လကစပြီး သြဂုတ်လအထိ အွန် လိုင်းထီနဲ့ ပုံနှိပ်ထီနှစ်မျိုးအတွက် စုစုပေါင်း အက္ခရာ ၁၂လုံးထုတ်ကာ ထီစောင်ရေ တိုးရောင်းဖို့ပြင်ခဲ့ပါတယ်။
အခုလစက်တင်ဘာလအတွက် ထီစောင်ရေကိုတော့ အက္ခရာ ဆယ်လုံးသာ ထုတ်ရောင်းတော့မှာဖြစ်ပြီး အွန်လိုင်း ထီအတွက် ထီလက်မှတ်စောင်ရေ ၂၅ရာခိုင်နှုန်းသာရောင်းတော့မယ်လို့ ထီကိုယ်စားလှယ်တွေကပြောပါတယ်။
“စျေးကွက်မှာ ဝယ်လိုအားဒီလောက်ကျနေတာ၊ထုတ်တဲ့အလုံးရေနဲ့ရောင်းရတဲ့အချိုးကမျှမှမမျှတာ၊အဲဒါကြောင့် အက္ခရာလုံးရေလျှော့ရတာနေမှာ”လို့ ထီကိုယ်စားလှယ်တဦးကပြောပါတယ်။
စစ်ကောင်စီကပြီးခဲ့တဲ့သုံးလအတွင်း ထီအက္ခရာ ၁၂လုံးစာ ထီလက်မှတ်တွေထုတ်ရောင်းရာမှာ အက္ခရာ ခြောက် လုံးစာလောက်ဘဲ အများဆုံးရောင်းရပြီး အွန်လိုင်းထီက ရောင်းအားအနည်းကျဥ်းသာရှိခဲ့တယ်လို့ အောင်ဘာ လေသိန်းဆုဌာနခွဲစာရင်းတွေမှာတွေ့ရပါတယ်။
အဲဒီလို အွန်လိုင်းထီရောင်းအားနည်းတာကြောင့် ထီဆုကြီးထွက်ရှိနှုန်းနဲ့ဆုအရေအတွက်နည်းပါးခဲ့ပြီး စက်တင် ဘာ ၁ရက်ကထီဖွင့်ပွဲမှာ အွန်လိုင်းထီကနေအမြင့်ဆုံးကျပ်နှစ်သိန်းဆုနဲ့ဆုအရေအတွက်အနည်းငယ်ပဲ ထွက်ရှိတာ တွေ့ရပါတယ်။
အခုလိုအွန်လိုင်းထီကအလုပ်မဖြစ်တာကြောင့် ထီရောင်းချမှုပုံစံပြောင်းပြီး ထီစောင်ရေပါလျှော့ချလာရတာ ဖြစ်တယ်လို့ တဆင့်ခံထီရောင်းသူတဦးကမှတ်ချက်ပြုပါတယ်။ “အွန်လိုင်းထီကအက္ခရာနှစ်လုံးကျော်သာသာထီလက်မှတ်ပဲထုတ်ရောင်းတော့မယ်ဆိုကတည်းက မအောင်မြင်လို့ ဆိုတာထင်ရှားနေတာပဲလေ၊သိက္ခာကျမှာစိုးလို့သာမရပ်လိုက်တဲ့သဘော”လို့ သူကပြောပါတယ်။
စစ်ကောင်စီက ပုံနှိပ်ထီရောင်းအားကျဆင်းနေပြီး အောင်ဘာလေထီအပေါ်ပြည်သူတွေစိတ်ဝင်စားမှု ကျဆင်းနေ တာကို ပြန်ကုစားနိုင်ဖို့ မျှော်မှန်းပြီး အွန်လိုင်းထီစနစ်ကိုအသက်သွင်းလိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အောင်ဘာလေထီကို အာဏာသိမ်းပြီးကတည်းက ပြည်သူအများစုက သပိတ်မှောက်ထားတာ ဖြစ် ပြီး လက်ရှိရောင်းအားဟာ အရပ်သားအစိုးရလက်ထက်ကရောင်းချခဲ့တဲ့အက္ခရာအလုံး ၄၀ ကျော်နဲ့ယှဥ်ရင် ပြောပ လောက်တဲ့အရေအတွက်မဟုတ်ဘူးလို့လည်း ထီကိုယ်စားလှယ်တွေကပြောပါတယ်။
ထီထိုးသူတွေသိသိသာသာကျဆင်းသွားတဲ့ အကျိုးဆက်အနေနဲ့ ပြီးခဲ့တဲ့ အရပ်သားအစိုးရတွေလက်ထက်မှာ အ ဆင့်ဆင့်တိုးမြှင့်ခဲ့ပြီး ကျပ်သိန်းတသောင်းငါးထောင်အထိ အမြင့်ဆုံးပေးခဲ့တဲ့ ထီဆုကိုလည်း စစ်ကောင်စီကမ ပေး နိုင်တော့ဘဲဆုကြေးတွေကိုပြန်လျှော့ချခဲ့ရပါတယ်။