စက်တင်ဘာ ၊ ၂
ဥရောပရဲ့ နွေရာသီ ဘောလုံး အပြောင်းအရွှေ့စျေးကွက် ပိတ်သိမ်းသွားတဲ့နောက် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ အပြောင်းအရွှေ့ အသုံးစရိတ် စုစုပေါင်း စတာလင်ပေါင် ၂.၃၆ ဘီလီယံနဲ့ စံချိန်သစ် ထပ်တင်ခဲ့ပါတယ်။
ကလပ်အသင်း ၂၀ ဟာ ကစားသမားသစ်တွေ ဝယ်ယူမှုကို ခြေသွက်လက်သွက် လုပ်ဆောင်ခဲ့ကြတာကြောင့် ပြီးခဲ့တဲ့ ရာသီက တင်ထားတဲ့ ပြောင်းရွှေ့ကြေး စုစုပေါင်း ပမာဏ စတာလင်ပေါင် ၁.၉၂ ဘီလီယံ စံချိန်ဟောင်းကို နောက်ထပ် စတာလင်ပေါင် သန်း ၄၄၀ လောက် အသာနဲ့ ချိုးဖျက်လိုက်တာ ဖြစ်ပါတယ်။
စျေးကွက် ပိတ်ရက် နောက်ဆုံးနေ့ တနေ့တည်းမှာတင် ပရီးမီးယားလိဂ် ဘောလုံးကလပ်တွေရဲ့ ပြောင်းရွှေ့ကြေး အသုံးစရိတ်က စတာလင်ပေါင် ၂၅၅ သန်း ရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီ စတာလင်ပေါင် သန်း ၁၂၀ ထက် နှစ်ဆ ပိုများခဲ့တာကို တွေ့ရပါတယ်။
ဘောလုံးရာသီ တခုမှာ အပြောင်းအရွှေ့ စျေးကွက် နှစ်ကြိမ် ဖွင့်လေ့ရှိပြီး အခုနှစ် ရာသီဟာ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံး တရာသီလုံးစာ ပြောင်းရွှေ့ကြေး စံချိန်ကိုပါ ထပ်ချိုးမယ့် အလားအလာ ရှိနေပါတယ်။ နွေရာသီနဲ့ ဆောင်းရာသီ နှစ်ခုပေါင်း ပြောင်းရွှေ့ကြေး အမြင့်ဆုံး လက်ရှိ စံချိန်ကတော့ ပြီးခဲ့တဲ့ ရာသီရဲ့ စတာလင်ပေါင် ၂.၇၃ ဘီလီယံ ငွေပမာဏ ဖြစ်ပါတယ်။
ဥရောပမှာ ကြီးငါးကြီးလို့ သတ်မှတ်ခံရတဲ့ နိုင်ငံအလိုက် အမှတ်ပေးပြိုင်ပွဲ ၅ ခု ရှိရာမှာ အင်္ဂလန် ပရီးမီးယားလိဂ် တခုတည်းက ပြောင်းရွှေ့ကြေး အားလုံးရဲ့ ထက်ဝက်နီးပါး၊ တနည်းအားဖြင့် ၄၈ ရာခိုင်နှုန်း သုံးစွဲခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေဟာ ကစားသမားတွေကို နိုင်ငံရပ်ခြားဆီ ရောင်းထုတ်လို့ စတာလင်ပေါင် သန်း ၅၅၀ ပြန်ရခဲ့ပြီး ဒါကလည်း မနှစ်တုန်းက စံချိန်ဖြစ်ခဲ့တဲ့ စတာလင်ပေါင် သန်း ၂၁၀ ထက် နှစ်ဆ ပိုများပါတယ်။
စျေးကွက်ပိတ်ရက်ဖြစ်တဲ့ စက်တင်ဘာ ၁ ရက်မှာလည်း ပရီးမီးယားလိဂ် ကလပ်တွေ တော်တော်များများ စျေးကွက်ထဲ မွှေနှောက် အလုပ်ရှုပ်ခဲ့ကြပြီး လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကတော့ အဲဒီနေ့မှာ တန်ဖိုးအကြီးဆုံး ဝယ်ယူမှုအဖြစ် ပေါ်တူဂီ ကွင်းလယ်လူ မက်သီးရက်စ် နူးနက်စ်ကို စတာလင်ပေါင် ၅၅ သန်းနဲ့ ဝုလ်ဗ်အသင်းဆီကနေ ခေါ်ယူလိုက်ပါတယ်။ ပြီးတော့ အသင်းရဲ့ လူငယ်ခြေတက် ကစားသမားလေး ကိုးလ်ပယ်လ်မာကို စီးတီးက ချဲလ်ဆီးဆီ စတာလင်ပေါင် သန်း ၄၀ နဲ့ ပြန်ရောင်းထုတ်ခဲ့ပါတယ်။
အင်္ဂလန် နာမည်ကြီး ကလပ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ တနေ့တည်းမှာတင် ဖာနာဘာချီ ဂိုးသမား အယ်လ်တီ ဘာယင်ဒါကို စတာလင်ပေါင် ၄.၅ သန်းနဲ့ ဝယ်ယူခဲ့သလို ဖီအိုရင်တီးနား ကွင်းလယ်လူ ဆော့ဖ်ယန် အမ်မရာဘတ်နဲ့ တော့တင်ဟမ် ဟော့စပါး နောက်ခံလူ ဆာဂျီယို ရီဂူလွန်တို့ကို အငှားစာချုပ်တွေနဲ့ ခေါ်ယူ အားဖြည့်လိုက်တာ တွေ့ရပါတယ်။
စျေးကွက်ပိတ်ရက်မှာ အလုပ်အများဆုံး ပရီးမီးယားလိဂ် ကလပ်ကတော့ နော်တင်ဟမ်ဖောရက်စ် ဖြစ်လာပြီး ကစားသမားသစ် ၇ ဦးကို ခေါ်ယူ ဖြည့်တင်းလိုက်ပါတယ်။
နွေရာသီ စျေးကွက်တခုလုံးကို ခြုံကြည့်ရင် စတာလင်ပေါင် သန်း ၁၀၀ အထက် ပြောင်းရွှေ့ကြေးနဲ့ လူသစ်ခေါ်ယူမှု ၂ ခု ရှိခဲ့ပြီး ချဲလ်ဆီးက ဘရိုက်တန် ကွင်းလယ်လူ မွိုက်စ်ကိုင်စီဒိုကို စတာလင်ပေါင် ၁၁၅ သန်း၊ အာဆင်နယ်က ဝက်စ်ဟမ်း ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို စတာလင်ပေါင် ၁၀၅ သန်းနဲ့ အသီးသီး ဝယ်ယူခဲ့ကြပါ။ ကိုင်စီဒိုရဲ့ အပြောင်းအရွှေ့ကတော့ လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ် သမိုင်းတလျှောက် ပြောင်းရွှေ့ကြေး အမြင့်ဆုံး စံချိန်သစ်ပါ ဖြစ်လာခဲ့ပါတယ်။