ကနေဒါမှာ ပျားကောင်ရေ ငါးသန်း လွတ်မြောက်သွားလို့ ရုတ်ရုတ်သဲသဲဖြစ်

သြဂုတ်၊ ၃၁
ကနေဒါ နိုင်ငံမှာ ထရပ်ကား တစီးပေါ်ကနေ ပျားကောင်ရေ ၅ သန်းလောက် လွတ်မြောက်သွားတာကြောင့် ပျားမွေးမြူရေး ပညာရှင်တွေ အလုပ်များခဲ့ကြပါတယ်။ 

ဩဂုတ် ၃၀ ရက်နေ့က အွန်တေရီယို ပြည်နယ်၊ ဘာလင်တန်မြို့နဲ့ အနီးတဝိုက်မှာရှိတဲ့ ပျားမွေးမြူရေး ကျွမ်းကျင်သူတွေဟာ မနက်စောစောမှာ ရဲတပ်ဖွဲ့ဆီက ဖုန်းနဲ့ဆက်သွယ် အကူအညီ တောင်းခံမှုတွေကြောင့် နိုးထလာခဲ့ကြပါတယ်။ ပျားတွေနဲ့ ပတ်သက်တဲ့ ပညာရှင် တဦးဖြစ်သူ မိုက်ကယ် ဘာဘာက ရဲတွေနဲ့ ဖုန်းပြောပြီးတဲ့နောက် ပျားအုံတွေကို တင်ဆောင်လာတဲ့ ထရပ်ကားတစီးမှာ ချွတ်ချော် မှားယွင်းမှုဖြစ်ပြီး ပျား ၅ သန်းလောက် လွတ်သွားတဲ့ သတင်းကို သိခဲ့ရပါတယ်။

ပျားအုံတွေကို သယ်ယူပို့ဆောင်တဲ့ ထရပ်ကားထဲက ဆိုင်းကြိုးတွေ ပြုတ်ထွက်ကုန်ရာက ပျားအုံတွေ လမ်းပေါ် ပြုတ်ကျကုန်သလို ဒေါသကြီးနေတဲ့ ပျားတွေဟာ အုပ်လိုက် အုပ်လိုက် လွတ်မြောက်ကုန်တာ ဖြစ်ပါတယ်။

သူရောက်သွားတဲ့ အချိန်မှာတော့ အိုးမဲ့အိမ်မဲ့ ဖြစ်သွားလို့ စိတ်ရှုပ်ပြီး အကြီးအကျယ် ဒေါသထွက်နေတဲ့ ပျားတွေ အများအပြားကို တွေ့ခဲ့ရကြောင်း ဘာဘာက ပြောပြပါတယ်။ သူ့ရဲ့ ပျားမွေးမြူရေး လုပ်ငန်း အတွေ့အကြုံ ၁၁ နှစ်တာ ကာလအတွင်း ဒီလို ဖြစ်ရပ်မျိုး လုံးဝ မကြုံခဲ့ဖူးဘူးလို့လည်း ဘာဘာက ဆိုပါတယ်။ ဒါမျိုး ထပ်လည်း မကြုံချင်ဘူးလို့ သူက ဖွင့်ဟပါတယ်။

ရဲတွေကတော့ ပျားတွေလွတ်သွားတဲ့ နေရာတဝိုက်မှာ လူတွေ ဖြတ်သန်း သွားလာတာမျိုး မလုပ်ဖို့၊ ကားတွေကိုလည်း မှန်တွေ အလုံပိတ်မောင်းကြဖို့ လိုက်လံ ဆော်ဩခဲ့ရပါတယ်။

ထရပ်ကားပေါ်ကနေ ပြုတ်ကျခဲ့တဲ့ ပျားအုံတွေဟာ မီတာ ၄၀၀ လောက် အချင်းရှိတဲ့ ဧရိယာထဲမှာ ပျံ့ကြဲနေခဲ့တယ်လို့ ဆိုပါတယ်။ နာရီပေါင်း အတော်ကြာ အလုပ်လုပ်ခဲ့တဲ့နောက် ဘာဘာနဲ့ တခြား ပျားမွေးမြူရေး ပညာရှင်တွေဟာ လွတ်နေတဲ့ ပျားအများစုကို သူတို့ရဲ့ အိမ်အသစ်တွေဆီ ဆွဲဆောင် ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပျားကောင်ရေ ရာထောင်ချီပြီး သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။ တချို့ ပျားမွေးမြူရေး ပညာရှင်တွေလည်း ပျားတုပ်ခံခဲ့ကြရပါတယ်။

ပျားအုံတွေ ပြုတ်ကျ ကျန်ခဲ့တဲ့ ထရပ်ကား ယာဉ်မောင်းလည်း ကံမကောင်းခဲ့ဘဲ အချက်ပေါင်း ၁၀၀ ကျော် ပျားတုပ်ခံခဲ့ရပါတယ်။ သူက ပျားတုပ်တဲ့ဒဏ် ခံနိုင်တဲ့ ဝတ်စုံလည်း ဝတ်မထားမိခဲ့ပါဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ ယာဉ်မောင်းဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ထိတော့ အခြေအနေ မဆိုးခဲ့ပါဘူး။

ရဲတပ်ဖွဲ့ကတော့ အကြောင်းကြားပြီး မကြာခင်မှာပဲ ပျားတွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်သူတွေ တဖွဲဖွဲ ရောက်လာပြီး လူတွေ အန္တရာယ် မဖြစ်အောင် အစွမ်းကုန် ကူညီပေးခဲ့ကြတာကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ထားပါတယ်။