သြဂုတ်၊ ၂၃
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်ကျေးရွာအုပ်စု၊ အိုးဘိုရွာ မှာသြဂုတ်လ ၂၂ ရက်၊ ည ၁၁ နာရီလောက်က ဖယောင်းတိုင်ကတဆင့် မီးလောင်လို့ နေအိမ်အတွင်းမှာ ပိတ်မိနေတဲ့ လေဖြတ်နေသူ အသက် ခုနှစ်ဆယ်အရွယ် အမျိုးသားတဦး အပါအဝင် သုံးဦး သေဆုံးသွားပါတယ်။
“ မီးလောင်မှုဖြစ်တော့ မီးခိုးငွေ့တွေကြောင့် အသက်ရှုကျပ်ပြီး အပြင်မထွက်နိုင်တော့ဘဲ ပိတ်မိသွားတာပေါ့။ သေဆုံးသူ အားလုံးက မိသားစုဝင်တွေပါ။ ကျားနှစ်ဦးနဲ့ မတဦး မီးလောင်ပြီး သေဆုံးသွားတယ် ” လို့ လူမှုကူညီရေး လုပ်ကိုင်နေသူတဦးက ပြောပါတယ်။
နေအိမ်အိပ်ခန်းအတွင်း ထွန်းထားတဲ့ ဖယောင်းတိုင်ကတဆင့် ခြင်ထောင်ကို မီးစွဲရာက စလောင်ပြီး လေဖြတ်နေတဲ့ အသက် ခုနှစ်ဆယ်အရွယ်နဲ့ အသက် လေးဆယ်အရွယ် အမျိုးသားနှစ်ဦးနဲ့ အသက် သုံးဆယ်ကျော်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တာပါ။
မီးလောင်မှုကြောင့် နေအိမ်နှစ်လုံးအပါအဝင် အတွင်းပစ္စည်းတွေ မီးလောင်ဆုံးရှုံးပြီး ကျပ်သိန်း ရှစ်ဆယ်နီးပါး ရှိတယ်လို့လည်း အဲဒီလူမှုကူညီရေးလုပ်ကိုင်သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
“ အသက် ခုနှစ်ကျော်အရွယ် အမျိုးသားကတော့ လေဖြတ်နေတဲ့သူလို့ သိရတယ်။ မီးလောင်ထားတဲ့အတွက် ရုပ်တွေအားလုံးကတော့ ပျက်စီးနေပြီပေါ့။ သူတို့ကို မန္တလေး ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်ရတယ် ” လို့ သူကဆိုပါတယ်။
မီးလောင်မှုကြောင့် သေဆုံးသွားတဲ့ နေအိမ်ပိုင်ရှင် အသက် ခုနှစ်ဆယ်အရွယ် အမျိုးသားကို အမရပူရမြို့နယ်၊ မြို့မရဲစခန်းက (ပ) ၁၆၆/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ မန္တလေးအခြေစိုက် Voice Of Myanmar သတင်းဌာနက ရေးသားထားပါတယ်။
ဒီလ ၁၈ ရက်တုန်းကလည်း ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ နေအိမ်တလုံးရဲ့ မြေအောက်ရေကန်အတွင်း ဆင်းပြီး အလုပ်လုပ်ခဲ့တဲ့ အလုပ်သမား နှစ်ဦးလည်း အောက်ဆိီဂျင်ပြတ်တောက်ပြီး သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
အလားတူဒီလ ၁၆ ရက်တုန်းက ပြည်ကြီးတံခွန်မြို့နယ်မှာ အာစီသုံးထပ်တိုက်ရဲ့ ပထမအထပ် Sun Shade ပေါ်ကို သန့်ရှင်းရေးတက်လုပ်ရင်း အဲဒီအပေါ်က သွယ်တန်းထားတဲ့ ဓာတ်ကြိုးနဲ့ ထိမိလို့ ဓာတ်လိုက်တဲ့သူတွေကို ကူညီရင်း အမျိုးသမီးတဦး သေဆုံးခဲ့ပြီး သုံးဦးထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဓာတ်ပုံ – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး၊ မန္တလေး။