ကန့်သတ်မှုတွေ၊ ရန်ပုံငွေ လိုအပ်ချက်တွေကြောင့် သန်းနဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေကို ထိထိရောက်ရောက် မကူညီနိုင်ဘူးလို့ UNOCHA အကြီးအကဲပြော

သြဂုတ်၊ ၁၈
 
အသွားအလာ ကန့်သတ်ခံရတာတွေ၊ ရန်ပုံငွေ အကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံမှာ ဒုက္ခကြုံနေသူ ၁၈ သန်းလောက်ကို ထိရောက်တဲ့ အကူအညီတွေ မပေးနိုင်ဘဲ ရုန်းကန်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ အကြီးအကဲ မာတင် ဂရစ်ဖစ်သ်စ်က ပြောကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံ လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်ဟာ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ မဖြစ်မနေ လိုအပ်တဲ့ အခြေအနေမျိုး ကြုံနေရပါပြီ”လို့ မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့တဲ့ ခရီးစဉ် အပြီးမှာ ဂရစ်ဖစ်သ်စ်က ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီရဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
“ဒုက္ခကြုံနေတဲ့ ပြည်သူတွေကတော့ အာဏာပိုင်တွေဆီကရော၊ နိုင်ငံတကာ အသိုက်အဝန်းဆီကပါ ပိုမိုကောင်းမွန်တဲ့ ဖြည့်တင်း ကူညီမှုတွေကို မျှော်လင့်နေကြပါတယ်”လို့ ဂရစ်ဖစ်သ်စ်ရဲ့ သဘောထား ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှု နောက်ဆက်တွဲ အကျပ်အတည်းပေါင်းစုံကြောင့် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေကလည်း ပိုမို လိုအပ်လာနေပါတယ်။ ၃ နှစ်အတွင်း ပြည်တွင်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းရသူ ဦးရေဟာ ၅ ဆလောက် တိုးလာခဲ့ပြီး ၂၀၂၁ တုန်းက ၄ သိန်းနီးပါး ရှိခဲ့ရာက အခုအခါ ၂ သန်းနီးပါးထိ များပြားလာကြောင်း သိရပါတယ်။
ဂရစ်ဖစ်သ်စ်ဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်ရေး ပဋိပက္ခတွေအပြင် ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်ထဲက ဒေသခံ တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းတွေကိုလည်း သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်ဟာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက် တိုက်ခတ်သွားပြီး ၃ လ ကြာမြင့်လာတဲ့ထိ နာလန်ထူဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
“ပြည်သူတွေက ကိုဗစ် ကပ်ရောဂါ နောက်ပိုင်းမှာ ဆက်တိက် ထပ်ကြုံလာတဲ့ ပဋိပက္ခတွေ၊ ဆိုင်ကလုန်းဒဏ်တွေကိုပါ အလူးအလဲ ဆက်လက် ခံစားနေရပါတယ်။ ရခိုင်ပြည်နယ်အပြင် တနိုင်ငံလုံးမှာ ပိုပြီး ထိထိရောက်ရောက် အကူအညီပေးဖို့ ကျွန်တော်တို့ အသင့်ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့ အကောင်အထည် ဖော်ဖို့ကျတော့ ပိုပြီး အားကောင်းတဲ့ သွားလာခွင့်တွေ၊ ရန်ပုံငွေ အထောက်အပံ့တွေ လိုအပ်နေပါတယ်”လို့ သူက ဆိုတယ်။
“ပဋိပက္ခ နယ်မြေတွေမှာ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ လိုအပ်တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးလည်း စိုးရိမ်ကြောင်း ကျွန်တော်က အာဏာပိုင်တွေဆီ အသိပေးခဲ့ပါတယ်။ နောက်ပြီး ဗျူရိုကရေစီ လမ်းဟောင်းကြီးအတိုင်း လည်ပတ်နေတာတွေကြောင့် ဒုက္ခသည်တွေဆီ ကျွန်တော်တို့လို ထောက်ပံ့ရေး အဖွဲ့အစည်းတွေ လက်လှမ်းမီဖို့ အခွင့်အရေး လျော့ကျသွားစေတယ်။ ဒီတော့ ဒုက္ခကြုံနေသူတွေဆီ လုံခြုံဘေးကင်းပြီး ရေရှည်တည်မြဲတဲ့ လူသားချင်း စာနာမှု လမ်းကြောင်းမျိုး ဖော်ဆောင်ပေးဖို့၊ ရန်ပုံငွေတွေ မြှင့်တင်ရရှိဖို့ ကျွန်တော်တို့အတွက် အရမ်းလိုအပ်ပါတယ်”လို့ ဂရစ်ဖစ်သ်စ်က ပြောပါတယ်။
လိုအပ်ချက်တွေက အရမ်းများနေပေမယ့် မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှု လုပ်ငန်းတွေ ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ရန်ပုံငွေ ကွာဟချက်ကလည်း တော်တော်ကြီးကို ကြီးမားနေတာ တွေ့နိုင်ပါတယ်။ တကယ်တမ်း လိုအပ်တဲ့ အတိုင်းအတာရဲ့ ၂၂ ရာခိုင်နှုန်းလောက်ကိုသာ အခုနှစ်ဝက်ထိ ရရှိထားတယ်လို့ UNOCHAက ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ ၃ ရက်တာအတွင်း ကျွန်တော်ဟာ ဒုက္ခကြုံနေသူတွေကို ရဲရဲဝံ့ဝံ့ ကြိုးစားကူညီပေးနေတဲ့ ထောက်ပံ့ရေး ဝန်ထမ်းတွေနဲ့ တွေ့ဆုံပြီး သူတို့ရဲ့ လုပ်ဆောင်ချက်တွေအကြောင်း ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ရန်ပုံငွေ မလုံလောက်မှု ပြဿနာကြောင့် ထောက်ပံ့ရေး အေဂျင်စီတွေဟာ တချို့သော အချိန်တွေမှာ သူတို့ရဲ့ အထောက်အပံ့ ရင်းမြစ်တွေကို လျှော့ချဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်တွေ ချမှတ်နေရတယ်။ ဒီအခြေအနေတွေကို ကျွန်တော်တို့က ကူညီ ပြောင်းလဲပေးဖို့ လိုနေပါပြီ”လို့လည်း ဂရစ်ဖစ်သ်စ်က ထောက်ပြသွားခဲ့ပါတယ်။
ဓာတ်ပုံ – Ko Pyay