စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးအဖွဲ့ တွေပြောကြား

 

 

ဇူလိုင်၊ ၃၁

အာဏာသိမ်းစစ်ကောင်စီက  ဇူလိုင်လ ၃၁ ရက်ဒီကနေ့ မနက်ပိုင်းမှာနိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ( ကာလုံ)အစည်းအဝေးခေါ်ပြီး အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ သက်တမ်းထပ်တိုးကြောင်း ကြေညာလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ အရေးပေါ်အခြေအနေ တနှစ်ကြေညာကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းပြီး တနှစ်ပြည့်ပြီးနောက် အရေးပေါ်ကာလကို ခြောက်လတခါ လေးကြိမ်အထိ သက်တမ်းတိုးလာတာပဲ ဖြစ်ပါတယ်။

စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီ သက်တမ်းတိုးခြင်း ၊မတိုးခြင်းအပေါ် စိတ်ဝင်စားနေမှာမဟုတ်ဘဲ အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားကြမယ်လို့ ပြောဆိုကြပါတယ်။

“သူ့ဟာသူ တိုးတိုး၊ မတိုးတိုး ကျနော်တို့ လုပ်စရာရှိတာ ဆက်လုပ်မှာပဲ” လို့ LPDF တပ်ဖွဲ့တခုဖြစ်တဲ့ 96 Soliders အဖွဲ့ခေါင်းဆောင် ကိုဇေယျာလွင်က DNA ကို ပြောပါတယ်။

အရင်တုန်းက ထင်ရှားတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တဦးဖြစ်တဲ့  ကိုဇေယျာလွင်ဟာ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ကို စစ်ကိုင်းတိုင်းတနေရာမှာလက်နက်ကိုင်ဆန့်ကျင်တဲ့ တပ်ဖွဲ့ကိုဦးဆောင်နေသူဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းကာလ တနှစ်ပြည့်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ အရ အရေးပေါ်ကာလကို ခြောက်လတခါ နှစ်ကြိမ်သက်တမ်းတိုးခဲ့ပြီး နှစ်နှစ်ပြည့်ပြီးအချိန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်မှာတော့ သာမန်အခြေအနေမဟုတ်လို့ဆိုကာ အရေးပေါ်ကာလကို ခြောက်လ သက်တမ်းထပ်တိုးခဲ့တာပါ။

အခု ဇူလိုင်လ ၃၁ ရက်မှာလည်း စစ်ကောင်စီဟာ သာမန်အခြေအနေမဟုတ်လို့ဆိုပြီး အရေးပေါ်ကာလကို ခြောက်လ သက်တမ်းထပ်တိုးခဲ့တာဖြစ်ပါတယ်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးကတော့ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးဖျက်သိမ်းနိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ သက်တမ်းတိုးလည်း ဆက်တိုက်နေရမှာဖြစ်သလို၊ သက်တမ်းထပ်မတိုးပဲ ရွေးကောက်ပွဲလုပ်ဖို့ ကြိုးစားလာရင်လည်း တိုက်ရမှာပဲ။ ကျနော်တို့သပိတ်ကော်မတီရဲ့ ရပ်တည်ချက်ကတော့ ၂၀၀၈အ ခြေခံဥပဒေ ဖျက်သိမ်းရေးအပေါ်မှာ ရပ်တည်မှာဖြစ်ပြီး ၂၀၀၈ အောက်ကလုပ်မယ့် အတုအ‌ယောင် ရွေးကောက်ပွဲကိုသပိတ်မှောက်သွားမှာပဲဖြစ်တယ်။  ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တံခါးပေါက်ကို ဝင်ဖို့အတွက် ၂၀၀၈ ခြေ/ဥ ဆိုတဲ့ တံခါးပေါက်ကို အပြီးဖျက်သိမ်းနိုင်ဖို့ အရေးကြီးပါတယ်” လို့ ကိုမင်းလွင်ဦးက DNA ကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို   အမျိုးသားညွတ်ညွတ်ရေးအစိုးရ NUG နဲ့ ဒီချုပ်ပါတီတို့ကလည်း ဖျက်သိ်မ်းကြောင်း ကြေညာထားပြီးအာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ်လည်းကြေညာထားပါသေးတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့  အခုလို အရေးပေါ်ကာလ သက်တမ်းတိုးဖို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ အရိပ်အမြွက်ပြောကြားဖူးပါတယ်။

နိုင်ငံတွင်းမှာ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့နဲ့ ပတ်သက်ပြီး

အပြည့်အဝဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ဖို့အတွက် လိုအပ်ချက်များစွာ ရှိနေသေးတယ်လို့ နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီ အစိုးရအဖွဲ့အစည်းအဝေးတခုမှာ ပြောကြားထားတာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း၊လွှတ်တော်အမတ် ဦးဘိုဘိုဦးကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို ဘယ်တုန်းကမှ တရားဝင်မှုရှိတယ်လို့ မခံယူဘူးလို့ ပြောပါတယ်။

“ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီး သူတို့လုပ်ရပ်တွေက တရားမဝင်ဘူးလို့ ကျနော်တို့တွေ ခံယူထားပါတယ်။ သူတို့ အဲဒီနောက်ပိုင်းမှာ ကျူးလွန်တဲ့ ပြစ်မှုတွေကိုတော့ သူတို့တာဝန်ခံရမှာဖြစ်ပါတယ်” လို့ ဦးဘိုဘိုဦးက DNA ကို ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင် သလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကတော့ အာဏာရှင်စနစ်အပြင် အာဏာရှင်စနစ်ကို ကျားကန်ပေးနေတဲ့ ဘယ်ဥပဒေကိုမဆို ဆန့်ကျင်တော်လှန်သွားမယ်လို့ ဆိုပါတယ်။

“ကျနော်တို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းထားပြီးသားဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ နှီးနွယ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ဘာတခုကိုမှ ကျနော်တို့ လက်မခံဘူး။  ကျနော်တို့က အာဏာရှင်ကို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တယ်။ ဆိုတော့ အာဏာရှင်ပြုတ်ကျတဲ့အထိပေါ့နော်၊ အာဏာရှင်စနစ်ကော အာဏာရှင်စနစ်ကို ကျားကန်ပေးတဲ့ ဘယ်ဥပဒေ၊ ဘယ်မူဝါဒ၊ ဘယ်ဖွဲ့စည်းပုံကိုမဆို ကျနော်တို့ ဆက်ပြီးတော့ ဆန့်ကျင်တော်လှန်သွားမယ်” လို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူပေါင်း ၃,၈၅ရဦးရှိပြီး လူပေါင်း နှစ်သောင်းလေးထောင်ကျော်ဖမ်းဆီးကာ ခုနှစ်ထောင်နီးပါးကို ထောင်ချထားတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝှမ်းက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်နဲ့အမျှ လုပ်နေတဲ့ အတွက် စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်အခြေအနေ သာမန်မဟုတ်လို့ဆိုကာ အရေးပေါ်ကာလကို အခုလိုသက်တမ်းထပ်တိုးခဲ့ပြီး မနက်ဖြန် သြဂုတ်လ ၁ ရက်မှာတော့ နေပြည်တော်မှာ တည်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် အနေကဇာတင်ပွဲလုပ်ဖို့ အကြီးအကျယ် ပြင်ဆင်နေပါတယ်။