ဇူလိုင် ၊ ၂၉
ဂရိနိုင်ငံမှာ လက်နက်တိုက်တွေကို တောမီး ကူးစက်ရာက ပေါက်ကွဲမှုတွေ ဖြစ်ပွားလို့ တိုက်လေယာဉ်တွေကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း သိရပါတယ်။
နီရာ အန်ချီရိုလော့စ် မြို့နားက လေတပ်စခန်းရဲ့ လက်နက်တိုက်တွေကို မီးကူးစက်ပြီး အားကောင်းလွန်းတဲ့ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။ ပေါက်ကွဲတဲ့ အရှိန်တွေက အရမ်းပြင်းလို့ မြေပြင် သိမ့်သိမ့်တုန် သွားတာမျိုးကိုတောင် ခံစားခဲ့ရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
ဂရိလေတပ်ရဲ့ အမှတ် ၁၁၁ တိုက်လေယာဉ်အုပ် အခြေစိုက်ရာ ကမ်းရိုးတန်း လေတပ်စခန်း တခုကနေ F-16 တိုက်လေယာဉ်တွေဟာ တခြား လေတပ်စခန်း တခုဆီ ပျံသန်းပြီး ပြောင်းရွှေ့ အခြေစိုက်ခဲ့ရပါတယ်။ ပြီးတော့ နီရာ အန်ချီရိုလော့စ် မြို့ခံ ၁၃၃ ဦးထက် မနည်းကိုလည်း အာဏာပိုင်တွေက အရေးပေါ် ရွှေ့ပြောင်းနိုင်အောင် ကူညီခဲ့ပါတယ်။ အဲဒီလို ရွှေ့ပြောင်းရာမှာ တောမီး ကူးစက်ပြီး ပိတ်မိသွားမှာကို စိုးတဲ့အတွက် ရေလမ်းခရီးကို အသုံးပြုဖို့ ရွေးချယ်ခဲ့ရပါတယ်။
သတင်းတွေအရ မီးကူးစက်ပြီး ပေါက်ကွဲရာ လက်နက်ရုံတွေမှာ F-16 တိုက်လေယာဉ်တွေအတွက် အသုံးပြုမယ့် ဒုံးကျည်တွေနဲ့ ဗုံးတွေကို သိုလှောင်ထားတယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိပေမယ့်လည်း အကြိမ်အတော်များများ ပေါက်ကွဲမှုတွေရဲ့ အရှိန်ကြောင့် လေတပ်စခန်းနဲ့ မြို့ထဲက အဆောက်အအုံတွေက မှန်ချပ်တွေ၊ ပြတင်းတံခါးတွေ အက်ကွဲ ကျေမွကုန်ပါတယ်။
ဇူလိုင် ၂၈ ရက် ညပိုင်းမှာတော့ လက်နက်ရုံတွေက မီးကို ထိန်းချုပ် ငြှိမ်းသတ်နိုင်ခဲ့ပြီး ဖြစ်သလို မီးသတ် တပ်ဖွဲ့တွေက ပတ်ဝန်းကျင်မှာ မီးပြန်မကူးအောင် အအေးပေး coolant အရည်တွေကို လိုက်ဖျန်းနေပါတယ်။ တိုက်လေယာဉ်တွေကိုတော့ လောလောဆယ် စခန်းဆီ ပြန်ယူဆောင်မလာသေးပါဘူး။
ဂရိနိုင်ငံရဲ့ အနည်းဆုံး နေရာ ၃ ခုလောက်မှာ ဆိုးဆိုးရွားရွား တောမီးလောင်ကျွမ်းမှုတွေ ဖြစ်နေပါတယ်။ မကြာသေးခင်က အီဗီရာကျွန်းက တောမီးကို ငြှိမ်းသတ်ဖို့ ကြိုးစားရင်း မီးသတ်လေယာဉ် ပျက်ကျခဲ့တာကြောင့် ဂရိ လေယာဉ်မှူးနှစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်းလည်း သိရပါတယ်။