ဇူလိုင်၊ ၂၈
မွန်ပြည်နယ်၊ သထုံမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဇူလိုင်လ ၂၇ ရက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသားတဦး သေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ရွာထဲကို လက်နက်ကြီး အများကြီး ကျတာလေ၊ ထိတာပေါ့ ကောင်လေးရယ်၊ အစောတို့က မထိဘူး၊ တခြားလူတွေ ထိတာ၊ သေတယ်၊ ရွာက ကောင်လေးတယောက်က ခေါင်းကို ထိသွားတာ၊ တခါတည်း သေသွားတယ်၊ သနားတယ်၊ နောက်ပြီး လေးယောက်လောက်က ဒဏ်ရာတွေ ရတယ် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးဟာ ထုံးဘိုလေးကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၈ နှစ်အရွယ် စောအဲ့ကော့ရှီးမှာ ဦးခေါင်းနဲ့ ရင်ဘတ်တွေမှာ ယမ်းစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ထုံးဘိုလေးရွာက အသက် ၄၅ နှစ်အရွယ် စောဆာထူးနဲ့ ထို့ကော်ကျိုးကျေးရွာက အသက် ၁၈ နှစ်အရွယ် စောဖိုးကျော်၊ အသက် ၄၈ နှစ်အရွယ် စောပလေးဒေး၊ အသက် ၁၃ နှစ်အရွယ် နော်အဲ့စိုးတို့မှာ ခန္ဓာကိုယ်နဲ့ ခြေလက်တွေမှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်မှာရှိတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဝီယော်စခန်းအနီးမှာ ဇူလိုင်လ ၂၇ ရက်၊ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ လေးနာရီကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ကေအဲန်ယူ (ဗဟို)က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီလို နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေချိန်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ ဝီယော်အခြေစိုက် ခမရ (၉)တပ်က လက်နက်ကြီး အလုံးလေးဆယ်ကျော်နဲ့ ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်ခဲ့လို့ အခုလိုသေဆုံးဒဏ်ရာရကြတာပါ။
“ ကျန်တဲ့လူတွေက နည်းနည်းပါးပါးပဲ ထိသွားတာကောင်လေး၊ ဆေးထည့်ထားတယ်၊ သက်သာပါတယ် ” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ဝီယော်စခန်းအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ နှစ်ဖက်ထိခိုက်မှုကို သိရှိနိုင်ဖို့ တော်လှန်အင်အားစုတွေထံ DNA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းနဲ့ အင်တာနက် အခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကတော့ “ အဲဒီက ရဲဘော်တယောက်နဲ့ မနေ့က အဆက်အသွယ်ရတဲ့ချိန်က သူတို့တွေ မနက်က တိုက်ပွဲတော်တော်လေးဖြစ်သွားတယ်တဲ့၊ စစ်တပ်ဘက်က အတော်လေးကျတယ်လို့တော့ ပြောတယ်၊ စစ်ရေးက တင်းမာနေတယ်တဲ့၊ အဲလိုပြောပြီး ကျွန်တော်လည်း ထပ်ပြီး ဆက်သွယ်လို့ မရနေဘူး ” လို့ ပြောပါတယ်။
နှစ်ဖက်စစ်ရေးတင်းမာနေမှုနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ထောင်နဲ့ချီက ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်တွေကို အကူအညီပေးနေသူတဦးက ပြောပါတယ်။
“ ဒီဘက်က နည်းနည်းငြိမ်နေတာ ဟိုတလောက တချို့ရွာသားတွေ ပြန်လာနေကြတာရှိတယ်၊ အခုလို ထပ်ဖြစ်တော့ ထပ်ပြေးသွားကြတယ်။ ထောင်ဂဏန်းလောက်တော့ ရှိမယ်ထင်တယ်။ ပြေးလိုက် လာလိုက်ပေါ့နော်၊ အဲလိုက များပါတယ်၊ ဒီဒေသဘက်ကလေ ” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေကြောင့် ကေအဲန်ယူ – တပ်မဟာ (၁) သထုံခရိုင် အတွင်းမှာဆိုရင် နေရပ်စွန့်ခွာထွက် ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရပ်သားဦးရေ သိန်းနဲ့ချီရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ရှောင်ပြည်သူတွေအတွက် နေရာထိုင်ခင်း၊ စားဝမ်းနေရေး၊ ကျန်းမာရေး၊ လုံခြုံရေးဆိုင်ရာလိုအပ်ချက်တွေ အစရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများကြီး လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေက ပြောပါတယ်။
ဓာတ်ပုံ – KNU