ဘာစီလိုနာ ကြယ်ပွင့်ဟောင်းတွေကို ဆက်တိုက် ခေါ်ယူနေတဲ့ အင်တာ မိုင်ယာမီ

ဇူလိုင်၊ ၂၁

ဘာစီလိုနာ အသင်းရဲ့ ရွှေရောင်လွှမ်းတဲ့ ကာလတွေမှာ အဓိက ထောက်တိုင်တွေ ဖြစ်ခဲ့တဲ့ ကစားသမားဟောင်း ၃ ဦးထိ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီဆီ ရောက်ရှိလာပြီ ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ဟမ်းက ဆက်စပ် ပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီဟာ စပိန်သား ဘယ်နောက်ခံလူ ယော်ဒီ အယ်လ်ဘာကို စာချုပ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်မှာ ကြေညာခဲ့ပါတယ်။ အသက် ၃၄ နှစ် ရှိပြီဖြစ်တဲ့ အယ်လ်ဘာဟာ ဘာစီလိုနာကနေ ထွက်ခွာလာတဲ့နောက် ၂၀၂၄ မေဂျာလိဂ် ဘောလုံးရာသီ အကုန်ထိ သက်တမ်းရှိမယ့် စာချုပ်ကို အင်တာ မိုင်ယာမီနဲ့ လက်မှတ် ရေးထိုးခဲ့တာပါ။ အဲဒီစာချုပ်ကို အလိုအလျောက် သက်တမ်းတိုးပိုင်ခွင့် ၁ နှစ်လည်း ထည့်သွင်း ညှိနှိုင်းထားပါတယ်။

အယ်လ်ဘာဟာ စပိန်ထိပ်သီး ဘာစီလိုနာမှာ ၁၁ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးမှ အင်တာ မိုင်ယာမီဆီ ကူးပြောင်းလာတာ ဖြစ်ပါတယ်။ သူဟာ အသင်းသစ်မှာ ကစားဖော်ဟောင်းတွေဖြစ်တဲ့ တိုက်စစ်မှူး လီယွန်နယ်မက်ဆီ၊ ကွင်းလယ်လူ ဆာဂျီ ဘုရှ်ကွက်စ်တို့နဲ့ ပြန်ဆုံဆည်းခွင့် ရလာမှာပါ။ အသက် ၃၆ နှစ်အရွယ် အာဂျင်တီးနားသား မက်ဆီနဲ့ အသက် ၃၅ နှစ်အရွယ် စပိန်သား ဘုရှ်ကွက်စ်တို့ဟာလည်း မကြာသေးခင်က အင်တာ မိုင်ယာမီနဲ့ အသီးသီး စာချုပ်ထားပြီးပါပြီ။

သတင်းတွေအရ အင်တာ မိုင်ယာမီဟာ လီဗာပူးနဲ့ ဘာစီလိုနာ တိုက်စစ်မှူးဟောင်းဖြစ်ပြီး လောလောဆယ် ဘရာဇီးကလပ် ဂရေမီယိုမှာ ကစားနေတဲ့ ဥရုဂွေး တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်ကို ဆက်လက် ချိတ်ဆက်နေတယ်လို့လည်း သိရပါတယ်။ ဆွာရက်ဇ်ဟာလည်း ဘာစီလိုနာ ကစားသမားဘဝ ၆ နှစ်တာ ကာလအတွင်း မက်ဆီ၊ ဘုရှ်ကွက်စ်၊ အယ်လ်ဘာတို့နဲ့ တွဲဖက်ကစားခဲ့သူ ဖြစ်ပါတယ်။

 

Ref: Goal