ဇူလိုင်၊ ၂၁
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အင်တာမီလန် ဂိုးသမား အန်ဒရီ အိုနာနာကို စာချုပ်ခေါ်ယူလိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ကင်မရွန်း လက်ရွေးစင်ဟာ အင်တာမီလန်ကနေ ယူနိုက်တက်ဆီ ယူရို ၅၅ သန်းတန် အပြောင်းအရွှေ့ ပြီးမြောက်တာနဲ့ တပြိုင်နက် ရာသီကြို လေ့ကျင့်ရေး အစီအစဉ်တွေအတွက် အမေရိကန်ဆီ ရောက်နေတဲ့ ယူနိုက်တက် အသင်းဖော်တွေဆီ ပူးပေါင်းဖို့ ချက်ချင်း ထွက်ခွာသွားခဲ့ပါတယ်။
အိုနာနာဟာ ယူနိုက်တက်နဲ့ ၅ နှစ်စာချုပ် လက်မှတ်ရေးထိုးခဲ့ပြီး လိုအပ်လာရင် နောက်ထပ် ၁ နှစ်စာ အလိုအလျောက် သက်တမ်းတိုးခွင့် ရှိမှာပါ။ သူဟာ အင်္ဂလန် ကလပ်မှာ ကျောနံပါတ် ၂၄ ကို ဝတ်ဆင်သွားမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အိုနာနာအတွက် အင်တာဆီ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၁ သန်းအပြင် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး နောက်ထပ် ယူရို ၄ သန်း ထပ်မံ ပေးချေဖို့ သဘောတူခဲ့ပါတယ်။ အိုနာနာဟာ ပြီးခဲ့တဲ့ ရာသီက ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်ခဲ့တဲ့ အင်တာအသင်းနဲ့အတူ ကမ္ဘာ့ဘောလုံး ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ရရှိလာပါတယ်။ သူဟာ ဂိုးဖမ်းထူးချွန်ရုံတင် မကဘဲ ဘောလုံးကို နိုင်နိုင်နင်းနင်း ထိန်းချုပ် ကစားတတ်တာကြောင့်လည်း အသင်းရဲ့ ကစားကွက် ဗျူဟာမှာ ထဲထဲဝင်ဝင် ပါဝင်လာမယ့်သဘော ရှိနေပါတယ်။
ယူနိုက်တက်ဟာ အခုနွေရာသီမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒဟေးယားနဲ့ လမ်းခွဲခဲ့တဲ့နောက် အသင်းမန်နေဂျာ အဲရစ်တန်ဟက်ဂ် စိတ်ကြိုက်ဖြစ်တဲ့ အိုနာနာကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။ အိုနာနာနဲ့ တန်ဟက်ဂ်တို့ဟာ အိုင်းယက်စ် အမ်စတာဒမ် အသင်းမှာ အတွဲညီခဲ့ကြဖူးပါတယ်။
ယူနိုက်တက်လို အသင်းဆီ ပြောင်းရွှေ့ခွင့် ရတာက ထူးကဲလှတဲ့ ဂုဏ်ပြုမှု တခုလို့ ခံယူကြောင်း၊ အိုးလ်ထရက်ဖို့ဒ် ဘောလုံးကွင်းကြီးရဲ့ မြက်ခင်းပြင်ပေါ်မှာ အသင်းအတွက် ဂိုးတွေ မပေးရအောင် ကာကွယ်ဖို့ ဆိုတာက နောက်ထပ် အံ့ဩစရာ အတွေ့အကြုံတွေ ဖြစ်လာမှာ သေချာကြောင်း အိုနာနာက ဆိုပါတယ်။
ဆရာဟောင်း တန်ဟက်ဂ်နဲ့ ပတ်သက်လို့တော့ အိုနာနာက သူဟာ တန်ဟက်ဂ် လက်အောက်မှာ ပြန်ကစားပေးဖို့ မစောင့်နိုင်အောင် ဖြစ်နေမိကြောင်း၊ အဲဒီ နယ်သာလန်သား မန်နေဂျာဟာ အာရုံစူးစိုက်မှု အရမ်းအားကောင်းပြီး အသင်းကို အောင်မြင်မှုတွေဆီ ဦးဆောင်သွားနိုင်မယ်ဆိုတာ ယုံမှားသံသယရှိဖို့ မလိုကြောင်း ချီးကျူး ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ အခုနွေရာသီ စျေးကွက်ထဲမှာတော့ အိုနာနာအပြင် ချဲလ်ဆီး ကွင်းလယ်လူ မေဆန်မောင့်ကိုပါ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ အသင်းအနေနဲ့ နောက်ထပ် တိုက်စစ်မှူး အနည်းဆုံး ၁ ဦးလောက်ကို ထပ်မံအားဖြည့် ခေါ်ယူဖို့ ကြိုးစားနေဆဲလို့လည်း ယုံကြည်ရပါတယ်။
ယူနိုက်တက်ဟာ အိုနာနာကို စာချုပ်လိုက်ပြီဆိုတာ မကြေညာခင် နာရီပိုင်း အလိုမှာ အသင်းခေါင်းဆောင်သစ်အဖြစ် ပေါ်တူဂီ လက်ရွေးစင် ဘရူနို ဖာနန်ဒက်စ်ကို ခန့်အပ်ကြောင်းလည်း တရားဝင် ထုတ်ပြန်သွားခဲ့ပါတယ်။
Ref: BBC