“အရင်ဆုံးတယောက်ဖမ်းခံရတယ်၊သူကနေမှကျန်တဲ့လူတွေလာကယ်ဖို့လိမ်လည်ပြီးဖုန်းဆက်ခေါ်ရာကနေမိကုန်တာပါဗျ၊လေးဦးဖမ်းခံရပြီး တဦးကျသွားတယ်၊ ကားနဲ့တိုက်ဖမ်းချိန်မှာပြန်ထထွက်ပြေးချိန်မှာနောက်ကျော ကျည် ထိမှန်ခဲ့တာပါ၊တယောက်ကတော့လွတ်လာတယ် “ လို့ သူကပြောပါတယ်။
ကားနဲ့ဖမ်းချိန်မှာ ကျဆုံးသွားသူဟာ မြစ်ငယ် PDF တပ်ဖွဲ့ဝင် ရဲဘော်ကိုရှိုင်းဆိုသူဖြစ်တယ်လို့ သိရပါတယ်။ စစ် ကောင်စီဘက်က သတင်းထုတ်ပြန်ချက်တွေမှာတော့ မြစ်ငယ် PDF တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ သီဟဇော်ထွေး (ခ) သီဟကို ပစ္စတို တလက် ခဲယမ်းတချို့နဲ့အတူ ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက အမရပူရမြို့နယ်၊ ဝက်ကုန်း တ မာတန်းရပ်ကွက်မှာဖမ်းမိခဲ့တာလို့ ဖော်ပြပါတယ်။
အဲ့ဒီနောက် အမရပူရမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း၊ စွယ်တော်ဘုရားရှေ့မှာ အောင်ဘိုဘိုသန်း(ခ) ဘို သန်းနဲ့ လုရီ(ခ)သန့်ဇင်ဦး တို့ကို ဖမ်းဆီးခဲ့သလို မြစ်ငယ်လမ်းဆုံမှာ မင်းမင်းဟိန်း(ခ)လေဒီကို ထပ်မံဖမ်းဆီး ခဲ့တာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
“ဆိုင်ကယ်နှစ်စီးပါဆုံးရှုံးလိုက်ရတယ်၊လက်နက်က ပစ္စတိုတလက်နဲ့ မိုင်းနှစ်လုံးပါဗျ၊တနယ်တည်းသားတွေ အကူအညီတောင်းတော့ကူညီရာကနေဖြစ်ကုန်တာပါ” လို့ ဗိုလ်ဖောင်းဒိုင်းကပြောပါတယ်။
ဖမ်းဆီးရမိသူတွေဟာ မြစ်ငယ်မြို့က Non-CDM ဆေးရုံအုပ် အမျိုးသမီးတဦးကို လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင် သူတွေလို့ စစ်ကောင်စီက စွပ်စွဲထားပြီး အဲ့ဒီလုပ်ကြံမှုကို NUG ဝန်ကြီး တဦးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးက စေခိုင်းခဲ့တာလို့ ဖော်ပြပေမယ့် မြစ်ငယ် PDF ပြောခွင့်ရ ဗိုလ်ဖောင်းဒိုင်းကတော့ အဲ့ဒီအချက်ကို ငြင်းဆိုပါတယ်။
“သူတို့တင်ထားသလိုသင်တန်းဆင်းတွေမဟုတ်ပါဘူးဗျ၊ပြီးတော့ ဦးဇော်ဝေစိုးက ခိုင်းလို့လုပ်တာလည်း မဟုတ် ဘူး” လို့ ဗိုလ်ဖောင်းဒိုင်းကပြောပါတယ်။
မြစ်ငယ်မြို့ မီးရထားဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာတင်ချိုချိုဟာ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ ဈေး ကွက်သစ် ရပ်ကွက်၊ လျှပ်စစ်ရုံးရှေ့က သူ့ရဲ့ကိုယ်ပိုင် ဆေးခန်းမှာ ပြီးခဲ့တဲ့ မေလတုန်းက ပစ်ခတ်ခံရပြီးသေဆုံးခဲ့တာပါ။
“နည်းလမ်းအမျိုးမျိုးနဲ့ဂုတ်သွေးစုပ်နေတာကြောင့် အခုလိုရှင်းလင်းခဲ့တာပါ၊မြေပြင်သတင်းပေးပို့မှုရယ် ကျွန်တော် တို့ကိုယ်တ်ုင်လေ့လာပြီးမှရှင်းသင့်မရှင်းသင့်ဆုံးဖြတ်ပြီးမှလုပ်တာပါ၊Non-CDM၀န်ထမ်းတိုင်းအကျင့်ပျက် ခြစားတာမျိုးမလုပ်ပါဘူး၊ဆိုးဆိုးဝါးဝါးလုပ်မှသာရှင်းလင်းတာပါ” လို့ ဗိုလ်ဖောင်းဒိုင်းက ဆိုပါတယ်။
အခုလို တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံလိုက်ရတာဟာ ဒလန်သတင်းပေးတွေကြောင့်လို့သူကဆိုပြီး သတင်းပေးတွေကို သိရှိထားပြီးဖြစ်သလို တပ်ဖွဲ့ဝင်တွေဆုံးရှုံးထားရပေမယ့် တော်လှန်ရေးကို ဆက်လုပ်သွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။