ပုန်ကန်မှုအပြီး Wagner ကြေးစားတပ်ကို ရုရှားစစ်တပ် လက်အောက်ပြောင်းရွှေ့ဖို့ ကမ်းလှမ်းခဲ့ကြောင်း ပူတင်ပြော

ဇူလိုင်၊ ၁၅

Wagner ကြေးစားတပ်ကို ရုရှားစစ်တပ် လက်အောက်ခံ သီးခြားတပ် တခုအဖြစ် ရပ်တည်နိုင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် Wagner ခေါင်းဆောင်က ငြင်းပယ်ခဲ့ကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပါတယ်။

 ပြီးခဲ့တဲ့ လကုန်ပိုင်းတုန်းက ကာလတိုတောင်းပေမယ့် သက်ရောက်မှု ပြင်းထန်တဲ့ ပုန်ကန်မှု တခုကို Wagner ကြေးစားတပ်က လုပ်ဆောင်ခဲ့တဲ့နောက် ပူတင်ဟာ Wagner အဖွဲ့ခေါင်းဆောင် ယက်ဗ်ဂျနီ ပရီဂေါ့ဇင်ကို ကရင်မလင် နန်းတော်ထဲ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

 ပူတင်က သူဟာ Wagner အဖွဲ့သားတွေကို ရုရှားတပ်ထဲမှာ သီးခြားတပ်ဖွဲ့တခု အနေနဲ့ ရပ်တည်နိုင်အောင် စီစဉ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ပရီဂေါ့ဇင်ကတော့ သူ့လူတွေက ဒီကိစ္စကို သဘောမတူဘူးဆိုပြီး ငြင်းဆန်သွားကြောင်း Kommersant သတင်းစာကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ Wagnerရဲ့ စစ်ဦးစီး အများစုက တကယ်လို့သာ Wagnerရဲ့ ဝါရင့် ခေါင်းဆောင် တယောက်ယောက်ကို ဦးစီးခွင့် ပေးမယ်ဆိုရင် အဲဒီကိစ္စကို လက်ခံချင်ခဲ့ကြကြောင်းလည်း ပူတင်က ဆိုပါတယ်။

 ပရီဂေါ့ဇင်ဟာ Wagnerတပ်တွေကို ဦးဆောင်ပြီး ဇွန်လ ၂၃ နဲ့ ၂၄ ရက်တွေမှာ မော်စကိုထိ ချီတက်ဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကာလတိုတောင်းတဲ့ အဲဒီ ပုန်ကန်မှုအတွင်း Wagnerတွေက သူတို့ချီတက်ရာ လမ်းကြောင်းမှာ ဟန့်တားဖို့ ကြိုးစားတဲ့ ရုရှား စစ်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကိုပါ ပစ်ချခဲ့ပါတယ်။

 လက်ရှိ အခြေအနေမှာတော့ နှစ်ဖက် ညှိနှိုင်းမှုတွေအရ Wagnerတွေဟာ ရုရှားစစ်တပ်ဆီ လက်နက်တွေ ပြန်အပ်ထားပြီး ဖြစ်ပါတယ်။ ရုရှား အစိုးရဖက်ကလည်း Wagnerတွေရဲ့ ပုန်ကန်မှုကို နောက်ဆက်တွဲ အပြစ်မယူတော့ဘဲ ကြေးစားတပ်သားတွေကို ရုရှား၊ ဒါမှမဟုတ် ဘီလားရုစ် စစ်တပ်တွေဆီ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်မလား၊ အလုပ်ထွက်ချင်သလား ဆိုတာကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့် ပြုခဲ့ပါတယ်။

 လေ့လာသူ တချို့ကတော့ ယူကရိန်း စစ်ပွဲမှာ Wagnerတွေကို ဆက်လက် လိုအပ်နိုင်တာကြောင့် ပူတင်ဟာ ပုန်ကန်မှုနဲ့ ပတ်သက်လို့ တင်းတင်းမာမာ မတုံ့ပြန်နိုင်တာ ဖြစ်နိုင်ကြောင်း မှတ်ချက် ပေးနေကြပါတယ်။ Wagnerတွေဟာ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်မှာ ပါဝင်ခဲ့ပြီး ရုရှားတပ်တွေ မစွမ်းဆောင်နိုင်တဲ့ စစ်ရေးအောင်ပွဲတွေကို ရယူပေးထားနိုင်ခဲ့ပါတယ်။