အိုင်းယက်စ် နောက်ခံလူ တင်ဘာကို အာဆင်နယ် ခေါ်ယူ

ဇူလိုင် ၊ ၁၅

အာဆင်နယ် အသင်းဟာ နယ်သာလန် ခံစစ်မှူး ဂျူရီယန် တင်ဘာကို အိုင်းယက်စ် အသင်းကနေ အပြီးသတ် စာချုပ် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။

 အသက် ၂၂ နှစ်သာ ရှိသေးတဲ့ တင်ဘာအတွက် အာဆင်နယ်က နယ်သာလန် ကလပ်ဆီ စတာလင်ပေါင် ၃၄ သန်း ပြောင်းရွှေ့ကြေး ပေးချေခဲ့ရပါတယ်။ တင်ဘာရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး အဲဒီ ပြောင်းရွှေ့ကြေးဟာ ယူရို ၃၈.၅ သန်းထိ မြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

 တင်ဘာဟာ ဗဟိုခံစစ်နဲ့ ညာတောင်ပံ ခံစစ်တွေမှာ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်ပြီး အာဆင်နယ်ရဲ့ ရှိရင်းစွဲ ခံစစ် အစုအဖွဲ့ကို ပိုမို တောင့်တင်းစေမှာ ဖြစ်ပါတယ်။ တင်ဘာကို ၄ နှစ် စာချုပ်နဲ့ အပြီးသတ် ခေါ်ယူလိုက်တဲ့နောက် အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက သူ့လို စွယ်စုံရ လူငယ်ခံစစ်မှူး တဦးနဲ့ လက်တွဲခွင့် ရမယ့်အပေါ် စိတ်လှုပ်ရှားနေမိကြောင်း ပြောကြားသွားခဲ့ပါတယ်။

 တင်ဘာဟာ ငယ်ရွယ်သေးပေမယ့် အိုင်းယက်စ်နဲ့အတူ နိုင်ငံတကာ ပြိုင်ပွဲကြီးတွေမှာ အတွေ့အကြုံကောင်းတွေ အများကြီး ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ အိုင်းယက်စ်မှာလည်း ဆုဖလားတွေ ရရှိခဲ့ကြောင်း၊ အာဆင်နယ်မှာ သူလာရောက် ကစားမယ့်အချိန် အသင်းအတွက် ဘက်ပေါင်းစုံက အကျိုးဖြစ်ထွန်းစေမယ်လို့ ယုံကြည် မျှော်လင့်ထားကြောင်း အာတီတာက ဆိုပါတယ်။

 မန်ချက်စတာ ယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ဟာ တင်ဘာကို စိတ်ဝင်စားတဲ့ အရိပ်အယောင်တချို့ ပြသခဲ့ပေမယ့် ခိုင်ခိုင်မာမာ ချဉ်းကပ် ကမ်းလှမ်းတာမျိုးတော့ မရှိခဲ့ပါဘူး။ တင်ဘာဟာ နယ်သာလန်အတွက် ၁၅ ပွဲ ကစားပေးထားပြီး ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် လက်ရွေးစင် အသင်းမှာလည်း ပါဝင်ခွင့် ရခဲ့ပါတယ်။

 အာဆင်နယ်ဟာ အခုနွေရာသီ စျေးကွက်မှာ ချဲလ်ဆီး တိုက်စစ်သမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူထားပြီး ဖြစ်သလို ဝက်စ်ဟမ်း ယူနိုက်တက် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ကို စာချုပ်ခေါ်ယူဖို့လည်း အပြီးသတ် လုပ်ဆောင်နေပါတယ်။