ဇူလိုင် ၊ ၁၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တောင်ဘက်ခြမ်းရှိ မီးရထားသံလမ်း အတိုင်း စစ်ကောင်စီတပ်က ဇွန်လိုင်လ ၁၂ ရက် မနေ့က မနက် ပိုင်း ၈ နာရီလောက်မှာ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံတဦးကိုလည်း သတ်သွားတယ်လို့ Wetlet Information Netwet တာဝန်ရှိသူတဦးက ပြောပါတယ်။
“မနေ့က စတာပေါ့ ဝက်လက်မြို့နယ်ကနေစပြီး ရထားသံလမ်း အရှေ့ဖက်ကိုစစ်ကြောင်းထိုးပြီး မနေ့က သာလိုင်းကပြည်သူတယောက်ကိုပစ်သတ်သွားတယ် စစ်ကြောင်းထိုးနေတဲ့ချိန်တိုးပြီးသတ်သွားတာ “ လို့အဲဒီအဖွဲ့ကကိုနဂါးလေးက ဆိုပါတယ်။
သေဆုံးခဲ့သူ ဟာ ဝက်လက်မြို့နယ် ၊သာလိုင်းကျေးရွာက အသက် ခြောက်ဆယ် အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီး ထွက်ပြေးစဉ် စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတာ ဖြစ်ပြီးမနေ့ကပဲ သဂြိုလ်ပေးလိုက်တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်တွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုံးသာရွာ ၊ သာလိုင်းရွာနဲ့ သုံးဆင့်ကန်ရွာကို လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် အဲ့ဒီရွာသုံးရွာအပါဝင် အနီးအနားရှိ ကျေးရွာ ငါးရွာလောက်က ရာနဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ရှောင်နေရတယ်လို့ဆိုပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဟာ မနေ့က သုံးဆင့်ကံကျေးရွာမှာ ညအိပ်တပ်စွဲပြီးနောက် ဒီနေ့မနက် သုံးဆင့်ကံကိုမီးရှို့ခဲ့ကာ လက်ရှိမှာ ပေါက်ကံဘူတာနဲ့ ပေါက်ကံရွာမထဲကို ရောက်နေပြီး အခြေနေကိုတော့ ဆက်လက်စုံစမ်းဆဲလို့ပြောပါတယ်။
လက်ရှိစစ်ကောင်စီတပ်တွေဟာ ဝက်လက်မြို့ နယ်တလျှောက်စစ်ကြောင်းထိုးရှင်းလင်းနေတာဟာ မန္တလေး-ရွှေဘို – မြစ်ကြီးနား ရထားလမ်းပြန်ဖွင့်ဖို့ ကြိုးစားနေတာနဲ့ သက်ဆိုင်တယ်လို့လည်း ကိုနဂါးလေးကပြောပါတယ်။