လောင်းလုံးမှာ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတဦး သေဆုံး၊ ဒေသခံအချို့ဖမ်းဆီးခံရ

ဇူလိုင်၊ ၁၂

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ နခံတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ်အမျိုးသမီးတဦးသေဆုံးသွားပြီး အရပ်သားအချို့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

“ မနက်သူတို့(စစ်တပ်)ဝင်လာပြီးတော့ နခံတောရွာကတောင်ရှိတယ်လေ၊ အဲဒီမှာ တပ်စွဲထားတာ၊ ၁၀ နာရီလောက်မှာ သူတို့ စပစ်တယ်၊ လက်နက်ကြီးတွေလေ ရမ်းပစ်တာပေါ့၊ အဲဒီမှာ ထွက်ပြေးကြတာပေါ့၊ အနီးအနားမှာ နေတဲ့သူတွေပေါ့၊ ကလေးမလေးတယောက်က ထွက်ပြေးတဲ့အခါမှာ လက်နက်ကြီးကျည်ဆံက ခေါင်းကို စင်ပြီး ထိသွားတာ။” လို့ ဒေသခံ တဦးက DNA ကို ပြောပါတယ်။

လက်နက်ကြီးထိမှန်တဲ့သူဟာ  နခံတောကျေးရွာနဲ့ကပ်လျက်မှာရှိတဲ့ ခမောင်းတောင်ကျေးရွာက အသက် ၁၆ နှစ်အရွယ် မယဉ်မာထွေးဖြစ်ပြီး ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် ဒီကနေ့ နေ့လည်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ နံနက် ၈ နာရီခန့်မှာ ကမြောကင်းတံတားဘက်ကနေ ထွက်လာတဲ့ စစ်ကားလေးစီးပါစစ်ကောင်စီယာဉ်တန်းက နခံတောကျေးရွာဘက်ကို ဝင်ရောက်လာပြီး အဲဒီရွာရဲ့တောင်ပေါ်မှာ ဝင်ရောက်တပ်စွဲထားတာဖြစ်ပါတယ်။

တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုလို ဒေသခံအမျိုးသမီးက ဦးခေါင်းကျည်စထိမှန်သေဆုံး သွားတာဖြစ်ပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်ဖွဲ့တွေက ခမောင်းတောင်ကျေးရွာထဲကို ဝင်ရောက်လာပြီး ပြည်သူတွေရဲ့ နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားတဲ့အပြင် အရပ်သားတချို့ကိုလည်း ဖမ်းဆီးသွားတာရှိပေမယ့် အရေအတွက် တိတိကျကျကို အတည်ပြု ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို သိရှိနိုင်ဖို့ လောင်းလုံးမြို့နယ်၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို DNA က ဆက်သွယ် မေးမြန်းခဲ့ရာမှာ အင်တာဗျူးဖြေဆိုဖို့ အဆင်မပြေသေးကြောင်းကို ပြန်လည်ပြောဆိုခဲ့ပါတယ်။

“ အခုသူတို့မဝင်လာခင်ရက်ပိုင်းအလိုမှာ သူတို့က ဒီဘက်ကလာဖို့ လူစုနေတာရှိတယ်၊ ဒါကိုလည်း PDF တွေက သိနေတော့၊ အခုဝင်လာတော့ တိုက်ပွဲဖြစ်ကြတာပေါ့။ အဲဒီမှာ စစ်တပ်က ဝင်လာတာ အင်အားအတော်များတယ်လေ၊ မနက်ကတည်းက တိုက်ပွဲလည်း တော်တော်လေး ဖြစ်နေတယ်၊ သူပစ်ကိုယ် ပစ်ဘဲနော်၊ ပစ်ခတ်သံကလည်း ဆူညံနေတာ ပဲ။ ဒီညနေပိုင်းအထိ ဖြစ်နေတယ်လို့ ပြောတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း အရပ်သားသေဆုံးမှု ၂၃ ဦးရှိခဲ့ပြီး သေဆုံးသွားတဲ့သူတွေထဲက ဆယ်ဦးခန့်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ အရပ်သားတွေ ဖြစ်ကြတယ်လို့ သုတေသနအဖွဲ့တခုဖြစ်တဲ့ FE5 Tanintharyi က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။