ဇူလိုင်၊ ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကြီးကျေးရွာကို စစ်ကောင်စီတပ်ကဇူလိုင်လ ၁၀ ရက် မနေ့ညနေက လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး တ ဦးသေဆုံးခဲ့ပြီး ခင်ပွန်းနဲ့ကလေးနှစ်ဦးဒဏ်ရာရခဲ့တယ်လို မုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။
“ ညနေပိုင်း ၅နာရီကျော် ၆ နာရီ လောက်မှာ လက်နက်ကြီး ဆယ်လုံးလောက်ပစ်တယ်ဗျမအူကြီး ရွာထဲကို ၊အဲ့မှာ အိမ်ထဲမှာနေတဲ့ မိသားစု တစုလေးယောက်ပေါ့နော် ၊လေးယောက် လက်နက်ကြီးစမှန်တယ် ၊အဲ့မှာ အဲ့တယောက်က အမေဖြစ်သူက လက်နက်ကြီးထိပြီးဆုံးသွားတယ် ကျန်တဲ့သူတွေက ဒဏ်ရာရတာများတယ်လို့ကြားတယ်ဗျ “ လို့ အဲဒီတာဝန်ရှိသူကပြောပါတယ်။
မုံရွာ-မန္တလေး လမ်းမကြီးဘေး မုံရွာတောင်ဘက် အဝင်မုခ် ပေါက်ဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မနေ့ညနေ ၆ နာရီခန့်မှာ မအူကြီးရွာကို ၆၀ မမ လက်နက်ကြီး ဆယ်လုံးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အဲဒီကျေးရွာက မိသားစု လေးဦးရှိတဲ့ နေအိမ်တအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက် ၄၅ နှစ်အရွယ် မနွယ်ဝင်းထိမှန်သေဆုံး သွားခဲ့ပြီး အသက် ငါး နှစ်နဲ့ ခုနှစ် နှစ်ကလေးနှစ်ဦးနဲ့ အသက် ငါးဆယ်အရွယ် ခင်ပွန်းသည်တို့ လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့ပြီး လက်ရှိမှာတော့ ဆေးကုသမှုခံယူနေတယ်လို့သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၁၁ ရက် ဒီကနေ့မနက်ပိုင်းမှာ မအူကျေးရွာဘက်ကို မိုင်းရှင်းဖို့လာတဲ့စစ်ကောင်စီတပ်တွေက မအူကျေးရွာ အရှေ့ခြမ်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ကိုလုံးမီးလောင်းကျွမ်းသွားခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်အင်အား သုံးဆယ် ကျော် ဟာမနက် ၇ နာရီခန့်မှာကားတစီးနဲ့ မအူဆီတန်တံတားအနီး သို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် အဲဒီတံတား အနီးက ပြည်သူကာကွယ်ရေးတပ်တွေထောင်ထားတဲ့ မိုင်းတွေရှင်းရင်းကျေးရွာရှိ နေအိမ်တွေကို မီးရှို့ခဲ့တာလို့လည်းဆိုပါတယ်။
“ မနက် ၇နာရီလောက်ကရှို့သွားတယ်ဗျ။မနက် ရနာရီလောက်မှာ မုံရွာဘက်ကနေကားတစီးနဲ့လာပြီး မအူရွာမြောက်ပိုင်း အရှေ့မြောက်ပိုင်းကအိမ်တွေ ကိုးအိမ်လောက်ရှို့သွားတယ် “ လို့မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မုံရွာ တောင်ဘက် အဝင်မုခ်ပေါက် ဂိတ်ကနေကျေးရွာထဲကို မကြာခဏလက်နက်ကြီးနဲ့ပစ်ခတ်လေ့ရှိပြီး ရွာထဲကိုဝင်ရောက်ကာ ဒေသခံတွေကိုဖမ်းဆီးတာမျိုးလည်း လုပ်ဆောင်လေ့ရှိတယ်လို့ဆိုပါတယ်။