ကျိုက်စကောထောင်ရှိ နိုင်ကျဉ်း ခုနှစ်ဦးသေဆုံး၊ သုံးဦးကို ထောင်ပြောင်းစဉ် ပစ်သတ်တယ်ဆို

ဇူလိုင် ၊ ၉

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကော အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားသေဆုံးမှုမှာ ခုနှစ် ဦးအထိရှိလာခဲ့ပြီး သုံး ဦးကို စစ်တပ်က ထောင်ပြောင်းရွေ့စဉ် ပစ်သတ်လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများကွန်ရက်မှသိရပါတယ်။

“ ကျိုက်စကောထောင်မှာ နိုင်ကျဉ်းသေဆုံးသူက ခုနှစ်ဦးအထိရှိတယ်လို့ အတည်ပြုထားနိုင်တယ်။ တဦးကျတော့ကျန်းမာရေးမကောင်းလို့သေတယ်ပြောတာပေါ့ ။ သုံးဦးကျတော့ ထောင်ပြောင်းရင် သတ်ခံရတာပါ။ ကျန်သုံးဦးကျတော့ ဘာကြောင့်သေတယ်ဆိုတာ မသိရသေးဘူး “ လို့အဲဒီကွန်ရက် မှ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ကျိုက်စကောအကျဉ်းထောင်ရှိနိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့  ကိုခန့်လင်းနိုင်၊ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီး၊ကိုမင်းဘုန်းမဟာ၊ ကိုဇင်ဝေထွန်း၊ကိုအောင်မျိုးသူနဲ့ ကိုပြည့်ဖြိုးအောင်တို့ ခုနှစ် ဦး သေဆုံးသွားပြီးဆိုတာ ဒီလ ၇ ရက်မှာ စသိရတယ်လို့ သူကဆိုပါတယ်။

အဲဒီ ခုနှစ်ဦးအနက် ကိုအောင်မျိုးသူဟာ ကျန်းမာရေးမကောင်းလို့ သေဆုံးခဲ့ပြီး ကိုခန့်လင်းနိုင်၊ ကိုမင်းဘုန်းမဟာ၊ ကိုဇင်ဝေထွန်း တို့ သုံးဦးကို ထောင်ပြောင်းစဉ် အချူပ်ကားမှောက်လို့ ထွက်ပြေးစဉ် ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာလို့စစ်အုပ်စုဖက်က မိသားစုတွေကို အသိပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကျန်တဲ့ သုံးဦးဖြစ်တဲ့ ကိုအောင်သူရလှိုင်၊ ကိုဂျာကြီးနဲ့ ကိုပြည့်ဖြိုးတို့ကိုတော့ ဘာကြောင်သေဆုံးတယ်ဆိုတာမသိရသေးတဲ့အကြောင်းလည်း ကိုသိုက်ထွန်းဦးက ဆက်လက်ပြောကြား ပါတယ်။

“ သူတို့ကတော့ ဒီလိုပဲအကြောင်း အမျိုးမျိုးပြတာပေါ့နော်။ အကြောင်းပြချက်တွေကသာ မတူတာပါ ဖြစ်စဉ်ကတော့ တူတူပဲ ထောင်ပြောင်းချိန် ပစ်သတ်ခံရတာပါ။ အခုဆုံးသွားတဲ့သူတွေထဲမှာ ပြည်သူတွေပါသလိုကျောင်းသားတွေလည်းပါတယ် သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်မရဘူး “ လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသား ခုနှစ် ဦးဟာ  ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်မှာစပြီး ၂၀၂၂ နှစ်ဆန်းပိုင်းလောက်မှာစစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူတွေဖြစ်သလို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) အပါအဝင် အကြမ်းဖက် ပုဒ်မမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀၊ ၅၁၊ ၅၂၊ ၅၃တို့နဲ့ တရားစွဲဆိုထောင်ချခံထားရသူတွေဖြစ်တယ်လို့ သိရပါတယ်။

ဒီလအစောပိုင်းတုန်းကလည်း မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်မှာ ပုဒ်မ ၅၀၅(က) နဲ့ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်သားတစ်ဦးကို စစ်အုပ်စုက ရိုက်နှိက်စစ်ဆေးစဉ်သေဆုံးပြီးနောက် မိသားစုကိုတော့ အစာအိမ်အချဉ်ပေါက်လို့ သေဆုံးတာလို့ အသိပေးခဲ့အကြောင်းကြားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

အလားတူပဲ အဆိုတော် လီလီနိုင်ကျော်ကို သတ်ဖြတ်မှုမှာ စွပ်စွဲအဖမ်းဆီးခံထားရတဲ့ လူငယ်နှစ်ဦးကိုလည်း စစ်အုပ်စုက သက်သေခံပစ္စည်းလိုက်ပြစဉ် ထွက်ပြေးရန်ကြိုးပမ်းတယ်ဆိုတဒ့အကြောင်းပြချက်နဲ့ ဒီလ ၆ ရက်မှာပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်ကနေ ယခုလ ပထမအပတ်အတွင်း အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၁ ဦးကျော်လောက်ဟာ စစ်အုပ်ရဲ့ အကြောင်းအမျိုးပြသတ်ဖြတ်မှုကို ခံခဲ့ရတယ်လို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ စစ်အာဏာသိမ်းချိန်ကနေ သေဆုံးသူပေါင်း ၃၇၃၆ ဦးအနက် စစ်အုပ်စုရဲ့ အကျဉ်းထောင်တွေ၊ စစ်ကြောရေးတွေနဲ့ ဘားတိုက် စတဲ့နေရာတွေမှာသေဆုံးသူပေါင်း ၁၂၈၄ ဦးရှိတယ်လို့ ဇွန်လ ၃၀ ရက်က ထုတ်ပြန်ထားပါတယ်။