ဇူလိုင်၊ ၄
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ တရားသူကြီးတဦးဖြစ်တဲ့ ဦဇာနည်မောင် (ခေါ်) ဦးပုဏ္ဏက ကိုဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က ဇူလိုင်လ ၂ ရက်က သက်ဆိုင်ရာဗဟိုတရားရေးကိုလွှဲပြောင်းပေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
‘’လွန်ခဲ့သောရက်များက လွှဲပြောင်းပေးရန်ရှိသော်လည်း ဒေသတွင်းရန်သူ့စစ်ကြောင်းဝင်ရောက်လာမှု၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဆိုင်းငံ့ထားရပြီး ယခုမှပင်လွှဲပြောင်းပေးခဲ့ရပါသည်’’ လို့ MRDA ခေါင်းဆောင် ဗိုလ်နဂါးက လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ဦးပုဏ္ဏကကို ပြီးခဲ့တဲ့ ဇန်လ ၇ ရက်မှာ ဖမ်းဆီးထိန်းသိမ်းထားရာကနေ တလနီးပါးအကြာ ဇူလိုင်လ ၂ ရက်မှာ NUG ရဲ့ တရားစီရင်ရေးထံလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ MRDA (မြန်မာ့တော်ဝန်နဂါးတပ်တော်) က ထုတ်ပြန်ထားပါတယ်။
ဗိုလ်နဂါးရဲ့ ညီဝမ်းကွဲတော်စပ်သလို MRDA အဖွဲ့ဝင်ဟောင်းတဦးလည်းဖြစ်တဲ့ ဦးပုဏ္ဏကကို ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာမှာ အမှုသွားစစ်ပြီးပြန်လာတဲ့ ဦးပုဏ္ဏကကို MRDA တပ်ဖွဲ့တွေကစစ်တပ်အာဏာမသိမ်းခင်က ကျေးရွာမီးလင်းရေးကိစ္စမှာ ငွေကြေးအလွဲသုံးတယ်စွပ်စွဲချက်နဲ့ ဖမ်းဆီးခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဦးပုဏ္ဏကဟာ ပြီးခဲ့တဲ့နှစ်က ဗိုလ်နဂါးရဲ့ MDRA အဖွဲ့ကို တရားဝင်လားဆိုပြီး ပုလဲ Entertainment လူမှုကွန်ရက်ကနေ ပြောကြားခဲ့တဲ့အတွက်လည်း ပြန်တောင်းပန်ပြီး မသင့်လျော်တဲ့တရားသူကြီးရာထူးက ရပ်စဲပေးရမယ်လို့ ဗိုလ်နဂါးက တောင်းဆိုထားတာပါ။
NUG ရဲ့လုပ်ထုံးလုပ်နည်းနဲ့ အညီဆောင်ရွက်နိုင်ရန် ပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေလက်ကိုအပ်ဖို့ အကြောင်းကြားခဲ့ပေမယ့် ရောက်မလာတာကြောင့် သူ့ဇာတိဖြစ်တဲ့ ကြောင်သန်းရွာက သူ့ဆွေမျိုးတွေအရှေ့မှာပဲ အပ်ခဲ့ရတယ်လို့ ဗိုလ်နဂါးကပြောပါတယ်။
“ ပုလဲကတာဝန်ခံတယောက်ကို သွားခေါ်ခိုင်းတယ်။ဒီအမှုကို NUG ကဆက်ပြီးတော့ကိုင်တွယ်လိုက်မယ်။
သက်သေအဖြစ်နဲ့ပါ ။ကျွန်တော်တို့က အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအရ သတ်မှတ်ချက်ထိန်းချုပ်တာမျိုး ပဲရှိတယ်။ တခြားရိုက်နှက်တာ မဟုတ်ဘူးလေ။ အဲ့ဒါကြောင့် နောက်ဆုံးသူရဲ့ အသက်အန္တရာယ် အထိ အားလုံးပြင်ဆင်တဲ့အကြောင်းသက်သေပြဖို့ ခေါ်ပြီးတော့အပ်လိုက်ဖို့ ခေါ်ခိုင်းလိုက်တယ် သူတို့မလာဘူး “ လို့ဗိုလ်နဂါးက ဆိုပါတယ်။
ပုလဲမြို့နယ်၊ ပြည်သူ့အုုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ကိုဇော်ထက်ကတော့ တရားသူကြီးဦးပုဏ္ဏ (ခေါ်) ဦးဇာနည်မောင်ကို NUG အစိုးရထံလွှဲပြောင်းပေးခဲ့တာမှန် ကန်ခဲ့ပေမယ့် အစိုးရနဲ့ဆွေးနွေးတဲ့နေရာမှာ တော့ တရားစီရင်ရေးနဲ့သက်ဆိုင်တာကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေမပါခဲ့ဘူးလို့ ပြောပါတယ်။
တရားရေးဗဟိုဌာနအနေ နဲ့ တရားရေးဝန်ထမ်းတဦးဖြစ်တဲ့ ဦးပုဏ္ဏကကိုလက်နက်ကိုင် အင်အားစုက ဥပဒေမဲ့ဖမ်းဆီးသွားတဲ့ အပေါ်ပြန်လည်လွတ်မြောက်ဖို့အတွက် ဆောင်ရွက်တာတွေမှာအားနည်းချက်တွေရှိနေတယ်လို့လည်း ဆိုပါတယ်။
“ ဘာပဲဖြစ်ဖြစ်ဒီတော်လှန်ရေးကာလမှာ ကျွန်တော်တို့ပြည်သူတွေက NUG ကိုပဲကိုယ့်အစိုးရလို့ သတ်မှတ်ထားတယ် ။အားကိုးထားတယ်။ တရားမျှတမှုက အစိုးရလုပ်မှ ရမယ်ဆိုတာ ပြည်သူကလည်းယုံစားနေတာလေ။ NUGအစိုးရချမှတ်ထားတဲ့ တရားရေးမှာလည်း တရားရေးကလုပ်နေတယ် ။နိုင်ငံတော်သမ္မတက ဒီလို ခန့်အပ်ထားတဲ့ တရားရေးဝန်ထမ်းတဦးကို လက်နက်ကိုင်အင်အားစုက ဖမ်းဆီးသွားတဲ့အပေါ် သူတို့ရဲ့ဆောင်ရွက်မှုက နှေးကွေးတာရော အားစိုက်မှုတွေနည်းတယ် “ လို့ ကိုဇော်ထက်ကပြောပါတယ်။
ပြည်သူတစ်ယောက်အနေနဲ့ အစိုးရကို အရေးယူဖို့ပဲတောင်းဆိုနိုင်ပြီး ဆက်လက်အရေးယူဖို့က အစိုးရရဲ့ ကဏ္ဏဖြစ်တာကြောင့် တခြားအဖွဲ့တွေနဲ့မျက်နှာချင်းဆိုင်ထားတဲ့ အမှုအခင်းကိစ္စတွေမှာ ဘယ်လိုအရေးယူယူ ဒီကိစ္စကို အရေးမယူမချင်း ဆက်လက်တောင်းဆိုသွားမယ်လို့ဗိုလ်နဂါးကပြောထားပါတယ်။
“ တရားသူကြီးရာထူးကိုမဖြုတ်ပဲမနေဘူးထင်တယ် ။ဒီလောက်ဆိုးရွာတဲ့အခြေနေတွေကို သူတို့လုပ်မယ်လို့မထင်ဘူး ။ဘာလို့လဲဆိုတော့သူတို့က ပြည်သူရဲ့အသံကိုထိုက်သင့်သလောက်နားထောင်မယ်လို့တော့ ကျွန်တော်ယူဆတယ် အဲ့လိုမျိုးဖြစ်မလာနိုင်ဘူးလို့ထင်တယ်လို့” ဆက်လက်ပြောဆိုထားပါတယ်။
တရားရေးအဖွဲ့က တရားရေးမဏ္ဏိုင်တည့်မတ်ဖို့ကို အဓိကဆောင်ရွက်တဲ့နေရာမှာ လက်နက်ကိုင် အင်အားတစုက လက်နက်ရှိတယ်ဆိုပြီး ထင်ရာပြောတာကို အစိုးရအနေနဲ့လိုက်လုပ်မယ်ဆိုရင် ပုလဲမြို့နယ်က တရားရေးအဖွဲ့က အကုန်လုံးနှုတ်ထွက်သွားမယ်လို့ ပုလဲပအဖက ကိုဇော်ထက်က ဆိုပါတယ်။
” တရားရေးကိုဦးဆောင်နေတဲ့သူတွေက တရားရေးကို တည့်မတ်ဖို့အဓိကဆောင်ရွက်ပေးရတာလေအင်အားတစုက လက်နက်ရှိတယ်ဆိုပြီး ထင်ရာပြောတာကို လိုက်လုပ်ပေးရတယ်ဆိုရင် ကျွန်တော်တို့မြို့နယ်က တရားရေးအဖွဲ့တွေကို ကျွန်တော်တို့က အကုန်နှုတ်ထွက်ခိုင်းမှာလေ။ လုပ်မနေနဲ့ ငါတို့ယုံကြည်ထိုက်တဲ့တရားရေးမဟုတ်ဘူးဆိုပြီးတော့”လို့ ကိုဇော်ထက်က ပြောပါတယ်။