ခင်ဦးမှာ စစ်ရှောင်အမျိုးသမီးတဦး မြွေဆိုးကိုက်ခံရပြီး သေဆုံး

ဇူလိုင်၊ ၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ၊ကွမ်းတိုင်းရွာက ဒေသခံအမျိုးသမီးတဦးဟာ ဇူလိုင် ၁ ရက်က စစ်ဘေးတိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရပြီးသေဆုံးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးမှ ကိုနေသူရက DNA ကိုပြောပါတယ်။

“ခင်ဦးနယ်ဘက်မှာ စစ်ဘေးတိမ်းရှောင်နေရင်း မြွေဆိုးကိုက်ခံရလို့သေဆုံးတာက ဒီဖြစ်စဉ်က ပထမဆုံးဖြစ်တာလို့ ပြောလို့ရပါတယ်’’ လို့ ကိုနေသူရက ဆိုပါတယ်။

စစ်ဘေးတိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရလို့ သေဆုံးခဲ့ရတဲ့အမျိုးသမီးဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့အချိန်ဖြစ်နေသလို တနေရာကနေတနေရာကို သွားလာရေးမလွယ်ကူတာကြောင့် အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 ‘’မြွေဆိပ်ဖြေဆေးက ကျွန်တော်တို့ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီမှာရှိပေမဲ့လည်း အချိန်မီရောက်အောင် သွားဖို့ဆိုတာ လမ်းခရီးအခက်အခဲတွေရှိတာလည်း ပါတာပေါ့။ အဲဒီလို သွားလာရေးအခက်အခဲတွေရှိတော့ အချိန်မီဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရတာ”လို့ ကိုနေသူရက ဆိုပါတယ်။  

ဒါ့အပြင် အခုလို စစ်ဘေးတိမ်းရှောင်နေရင်း မြွေဆိုးကိုက်ခံရတာတွေရှိလာတာကြောင့် မြွေဆိပ်ဖြေဆေးပါအဝင် ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်တွေဆီက စုံစမ်းသိရပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်အရှေ့ဘက်ခြမ်းကကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူ တသောင်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး အစားအသောက်နဲ့အမိုးအကာအပါအဝင် ဆေးဝါးတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့အဖွဲ့တွေထံက စုံစမ်းသိရပါတယ်။

ဒါ့အပြင် ခင်ဦးမြို့နယ် မြောက်ဘက်မှာရှိတဲ့ ကန့်ဘလူခရိုင်အတွင်းမှာလည်း စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယခုနှစ် ဇွန်လထိ စစ်ဘေးတိမ်းရှောင်ရင်း မြွေဆိုးကိုက်ခံရသူပေါင်း ရှစ်ဆယ်ဦးရှိခဲ့ပြီး အဲဒီထဲကမှ အသက် ဆယ်နှစ်အောက်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် စုစုပေါင်းဒေသခံ ခြောက်ဦးသေဆုံးခဲ့ပါတယ်။

ပုံစာ-စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်းရင်း မြွေဆိုးကိုက်ခံရသူတဦးကို တွေ့ရစဉ်။
ပုံဟောင်းအသုံးပြုထားပါတယ်။