ဇွန် ၊ ၁၅
ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်ခရိုင်၊ ပြည်-ပေါင်းတလည်-ပေါက်ခေါင်း လမ်းမကြီးကို လေးလမ်းသွား ကတ္တရာ လမ်းမကြီးဖောက်လုပ်မယ်လို့ဆိုကာ အဲ့ဒီလမ်းမအနီးက နေအိမ်နဲ့ဆိုင်ခန်းငါးရာကျော်ကို စစ်ကောင်စီကဖယ်ရှားခိုင်းတာကြောင့် အခက်တွေ့နေကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
အဲ့ဒီလမ်းမဘေးက လူနေအိမ် ဆိုင်ခန်းတွေကို အခုလ ၁၇ ရက်နောက်ဆုံးထားဖယ်ရှားပေးဖို့စစ်ကောင် စီလက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတွေနဲ့ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ ၁၁ ရက်မှာ သတိပေးစာတွေလိုက်ပေးခဲ့တာလို့ သိရပါတယ်။
“ကျွန်မတို့မြို့က ဒီလမ်းဘေးဘက်ခြမ်းမှာ ဘုရားစေတီနဲ့ စည်ပင်ဈေးလည်းရှိတယ်၊NLD လက်ထက်ကလည်းလမ်းပိုင်းတိုးချဲ့ဖောက်လုပ်ဖို့အတွက် နေ အိမ်တွေကို နောက်ဆုတ်ပေးထားပြီးပြီ၊လမ်းကလည်းအသစ်ဖောက်လုပ်ထားတာလည်းမကြာသေးဘူး၊နောက်ထပ်ဆုတ်ပေးဖို့မြေမကျန်တဲ့သူတွေက ဘယ်လိုလုပ်ကြမလဲ”လို့ ပေါင်းတလည်မြို့ခံတဦးက DNA ကိုပြောပါတယ်။
ပေါင်းတလည်မြို့ဟာ ပြည်-ပေါက်ခေါင်းမြို့တွေရဲ့ အလယ်မှာ ရှိနေတာဖြစ်ပြီး မြို့ဧရိယာကလည်း ပြည်-ပေါက်ခေါင်းလမ်းနဲ့အပြိုင်ရှိနေတာဖြစ်ပါတယ်။
NLD အစိုးရလက်ထက်ကလည်း ပြည်-ပေါက်ခေါင်းလမ်းကို တိုးချဲ့ကာလမ်းသစ်ဖောက်လုပ်မယ်ဆိုတာကြောင့် အဲ့ဒီလမ်း နံဘေးက နေအိမ်တွေကို နောက် ဆုတ်ပေးခဲ့ရတာကြောင့် လက်ရှိမှာ လမ်းတဖက်တချက်ကနေအိမ်တွေနဲ့ လမ်းအကြား ၁၈ပေလောက် အကျယ်မြေလွတ်ရှိနေပေမယ့် အိမ်တွေကိုထပ်ရွှေ့ခိုင်းတာလို့ဆိုပါတယ်။
အခုလိုနေအိမ်တွေကို ဖယ်ရှားဖို့အသိပေးစာတွေပေးလာပေမယ့် နစ်နာသူတွေအတွက် ဘယ်လိုတာဝန်ယူဆောင်ရွက်ပေးမယ်ဆိုတာတော့ အဲ့ဒီစာမှာ ဆဖာ်ပြထားတာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
“အဲ့ဒီလမ်းပိုင်းက လေးလမ်းသွားဖောက်လုပ်စရာတော့ မလိုဘူးဗျ ပေါက်ခေါင်းကျော်ရင် ပဲခူးရိုး(မ)ပဲရှိတော့တာ၊တောင်ငူဘက်ထွက်တဲ့လမ်းတော့ရှိတယ် အဲ့ဒါကလည်း ဘယ်သူမှ မသုံးကြ
ပါဘူး၊ အဲ့လမ်းတောက်လျှောက်စစ်တပ်တွေပဲရှိတော့သူတို့ပဲသုံးတာ၊လမ်းအသစ်ဖောက်ထားတာမှ လေးနှစ်လောက်ပဲရှိသေးတာ၊ဘာအတွက်တွေလုပ်
ကြတာလဲတော့ မသိဘူး စီမံကိန်းရှိတယ်လို့လည်း မကြားသေးပါဘူး”လို့ပြည်မြို့က လမ်းတံတား အင်ဂျင်နီယာ တဦးကလည်းပြောပါတယ်။
ပြည်-ပေါက်ခေါင်းလမ်းကို လေးလမ်းသွားအဖြစ် စစ်ကောင်စီကလက်တွေ့အကောင်အထည်ဖော်မယ်ဆိုရင် အဲ့ဒီလမ်းပိုင်းတလျှောက် လူနေအိမ်အများအပြား၊ ပြည်မြို့ အဝေးပြေးကားဝန်းတို့ဟာလမ်းနယ်နိမိတ်နဲ့မလွတ်တာကြောင့် ဖယ်ပေးရနိုင်သလို ပေါင်းတလည်မြို့ကထင်ရှားတဲ့ စေတီပုထိုးတွေလည်း ဖယ်ရှားရနိုင်တယ်လို့ မြို့ခံတွေကပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ တာဝန်ရှိသူတွေဆီကိုတော့ DNA ကဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကုန်ပိုင်းကလည်း ပြည်-အောင်လံလမ်းပိုင်း တိုးချဲ့ဖောက်လုပ်မယ်လို့ဆိုကာ လူနေအိမ် တထောင်ကျော်လောက်ကို စက်ယန္တရားတွေနဲ့ ဖျက်ဆီးခဲ့ပြီး ဒီကနေ့အထိလမ်း ဖောက်လုပ်တာမရှိသေးဘူးလို့ဒေသခံတွေကပြောကြပါတယ်။