ကန့်ဘလူမြို့နယ်မှာ စစ်ကြောင်းထိုးလို့ အရပ်သားတဦးသေ၊ ဒေသခံတသောင်းခန့်စစ်ရှောင်နေရ

ဇွန်၊ ၁၂
 
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်နဲ့ ထန်းကုန်းတိုက်နယ်တွင်းက ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်တွေက အခုလ ၁၀ ရက်နဲ့ ၁၁ ရက်မှာပဲ စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီး မီးတင်ရှို့ခဲ့သလို ပိတောက်ပင်ကျေးရွာက အရပ်သားတဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
 
” ကန့်ဘလူခရိုင်ထဲကတော့ စစ်ကြောင်းက အမြဲလိုလို ရှိနေတယ်ဗျ။ ထန်းကုန်းတိုက်နယ်ထဲက ဘိုတဲကုန်းကျေးရွာကို ဇွန်လ ၁၀ ရက်မှာ မီးရှို့ခံရပြီး၊ ၁၁ ရက်မှာတော့ ပေကုန်းကျေးရွာ မီးရှို့ခံခဲ့ရပါတယ်။ ပိတောက်ပင်ကျေးရွာက ဦးဝင်းသိန်းဆိုတဲ့ အပြစ်မဲ့ပြည်သူတဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီးတော့ ပင့်သာကြီးကျေးရွာ ဦးဆွယ်ဆိုတဲ့ ပြည်သူတဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ် ” လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
 
သေဆုံးသူ ဦးဝင်းသိန်း ဟာ စစ်ကောင်စီတပ်တွေ ထန်းကုန်းတိုက်နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ ဇွန်လ ၁၀ ရက်မှာပဲ သူနေထိုင်ရာ ပိတောက်ပင်ရွာမှာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီးတော့ ပင့်သာကြီးရွာက ဖမ်းဆီးခံရတဲ့ ဦးဆွယ်ရဲ့အခြေအနေကိုတော့ အခုချိန်အထိ မသိရှိရသေးပါဘူး။
 
အခုလို စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် နှစ်ရက်တာအတွင်း ကန့်ဘလူခရိုင်၊ ချပ်သင်းတိုက်နယ်နဲ့ ထန်းကုန်းတိုက်နယ်တွင်းမှာ စစ်ရှောင်နဲ့ မီးဘေးသင့်အရပ်သားဦးရေ တသောင်းအထိ မြင့်တက်လာခဲ့ပြီလို့လည်း သိရပါတယ်။
 
စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၀၀ ခန့်ဟာ ဇွန်လ ၁၀ ရက်က ထန်းကုန်းတိုက်နယ်အတွင်းက ဘိုတဲကုန်းကျေးရွာရှိ နေအိမ် အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ဒါ့အပြင်ဇွန်လ ၁၁ ရက်မှာလဲ အင်အား ၁၄၀ နီးပါးနဲ့ ချပ်သင်းတိုက်နယ်အတွင်းက ပေကုန်းရွာက နေအိမ် ၂၈ လုံးနဲ့ စပါးတိုက် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆက်လက်ထုတ်ပြန်ထားပါတယ်။
 
လက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်း စစ်ကြောင်းထိုးဝင်ရောက်နေမှုကြောင့် ချပ်သင်းတိုက်နယ်အတွင်းရှိ ဇင်းရွာနဲ့ အနီးအနားကျေးရွာတွေအပြင် ထန်းကုန်းတိုက်နယ်အတွင်းရှိ ဘိုတဲကုန်းနဲ့ အနီးအနားရှိ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
 
” အခြေခံစားသောက်ကုန်၊ အခြေခံဆေးဝါးနဲ့ မိုးကာတွေ လိုအပ်နေကြတယ်။ နောက်တခုက မြွေဆိပ်ဖြေဆေးလို ဆေးတွေလည်း လိုအပ်နေပါတယ် ” လို့ စစ်ရှောင်ကူညီသူတဦးက ထပ်ပြောပါတယ်။
 
ကုလသမဂ္ဂ လူသားခြင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA)ရဲ့မေလ ၆ ရက် ထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ခုနှစ်သိန်းခွဲနီးပါး ရှိနေပါတယ်။
 
ဒါ့အပြင် သုတေသနအဖွဲ့တခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၉ ရက် ထုတ်ပြန်ချက်ထဲမှာတော့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေ မီးရှို့ဖျက်ဆီးလို့ နိုင်ငံတစ်ဝန်းက အရပ်သားပြည်သူတွေရဲ့ အိမ် ၆၀,၄၅၉ လုံး ပျက်စီး ဆုံးရှုံးခဲ့ရပြီလို့ သိရပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့