ဇွန် ၊ ၁၀
ကိုလံဘီယာ နိုင်ငံမှာ လေယာဉ် ပျက်ကျပြီး အမေဇုန် တောနက်ထဲ ပျောက်ဆုံးနေတဲ့ ကလေးငယ် ၄ ဦးကို တလကျော် အကြာမှာ အသက်ရှင်လျက် ပြန်တွေ့ခဲ့ပါတယ်။
မွေးချင်း ၄ ဦးဟာ အသက် ၁၃ နှစ်၊ ၉ နှစ်၊ ၄ နှစ်နဲ့ ၁ နှစ် အရွယ်တွေ ဖြစ်ကြပြီး မိခင်ဖြစ်သူ၊ လေယာဉ်မှူး၊ တွဲဖက် လေယာဉ်မှူးတို့နဲ့အတူ လေယာဉ်စီး လိုက်ပါလာရင်း တောထဲကို မေလ ၁ ရက်က ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေက လေယာဉ်ပျက်မှာ ကလေးတွေရဲ့ မိခင် အပါအဝင် လူကြီး ၃ ဦးရဲ့ အလောင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ ကလေးတွေကတော့ အသက်ရှင်လျက် ရှိခဲ့ပြီး အဲဒီနေရာကနေ ထွက်ခွာသွားတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ခဲ့တဲ့နောက် ကိုလံဘီယာ စစ်တပ်ကပါ ပူးပေါင်း ပါဝင်ပြီး တောနင်း ရှာဖွေခဲ့ကြတာပါ။
ကလေး ၄ ယောက်တည်းဟာ အပြောကျယ်လှတဲ့ အမေဇုန် တောနက်ကြီးထဲမှာ တလကျော်ကြာအောင် ကိုယ့်အားကိုယ်ကိုး ရှင်သန်ရပ်တည်ခဲ့တယ်ဆိုတဲ့ အခြေအနေက မယုံနိုင်စရာမျိုးတောင် ဖြစ်လာခဲ့ပါတယ်။
ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရိုက သတင်းကောင်းကို ကြားရချိန်မှာ တနိုင်ငံလုံးလည်း သူ့လိုပဲ လှိုက်လှိုက်လှဲလှဲ ပျော်ရွှင်နေမယ်ဆိုတာ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။ ကလေးတွေကို ရှာတွေ့ခဲ့တဲ့ ဇွန်လ ၉ ရက်ဟာ ပဉ္စလက်ဆန်လှတဲ့ နေ့တနေ့ ဖြစ်ကြောင်း၊ ကလေးတွေရဲ့ စွန့်စားခန်းတွေနဲ့ သူတို့ကို ရှာဖွေခဲ့ပုံတွေကို မျိုးဆက် အဆင့်ဆင့် လက်ဆင့်ကမ်း ပြောပြနေရတော့မှာဖြစ်ကြောင်း သမ္မတက ဆိုပါတယ်။
ကလေးတွေကို ကနဦးအဆင့် ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး အားလုံး အခြေအနေ ကောင်းတာကြောင့် အဖိုးဖြစ်သူဆီ အပ်နှံခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ရဲ့ အဖိုးကတော့ သဘာဝ မိခင် တောနက်ကြီးက ကလေးတွေကို မိသားစုဆီ ပြန်ပေးအပ်ခဲ့တာလို့ ပြောပါတယ်။
Cessna 206 အမျိုးအစား လေယာဉ်ငယ်ဟာ အမေဇုန် တောတွေနဲ့ ဆက်စပ်နေတဲ့ အာရာကူအာရာ ပြည်နယ်ကနေ ဆန်ဟိုဆေး ဒယ်လ်ဂွေဗာရာဆီ ဦးတည်ပျံသန်းရင်း အင်ဂျင် ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့တာပါ။ လေယာဉ်မှူးက နောက်ဆုံး အရေးပေါ် အကူအညီတောင်းခံမှုကို ထုတ်လွှင့်နိုင်ခဲ့တာကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေက လေယာဉ် ပျက်ကျတဲ့ဆီ အမြန်ဆုံး သွားရောက်ခဲ့ပေမယ့် လူကြီးအလောင်း ၃ ခုကိုပဲ ရှာတွေ့ခဲ့ကြပါတယ်။
အနီးတဝိုက်မှာ ကလေးခြေရာတွေကို တွေ့ရှိခဲ့တဲ့နောက် သူတို့ အသက်ရှင်နေဦးမယ်လို့ ယုံကြည်ရတဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်ခဲ့ပါတယ်။ ကလေးတွေဟာ တောကျွမ်းပြီး တောတွင်းမှာ အသက်ရှင် နေထိုင်ဖို့ ရုန်းကန်ရတဲ့ ပညာရပ်တွေ၊ တောတွင်းက အသီးအနှံတွေရဲ့ အကြောင်းတွေကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း သင်ကြားပေးလေ့ ရှိတဲ့ ဟွေတိုတို တိုင်းရင်းသား မျိုးနွယ်စုဝင်တွေ ဖြစ်နေတာကြောင့်လည်း သူတို့တွေ အသက်ရှင်နိုင်ခြေ မျှော်လင့်ချက်တွေ ပိုအားကောင်းခဲ့ပါတယ်။
ကလေးတွေကို လိုက်ရှာရာမှာ ကိုလံဘီယာ စစ်တပ်ကို တောကျွမ်းတဲ့ ဒေသခံ တိုင်းရင်းသား မျိုးနွယ်စုတွေကလည်း ကူညီခဲ့သလို ကလေးတွေရဲ့ အဖွားဖြစ်သူ အသံသွင်းထားတာကို ဟွေတိုတို ဘာသာစကားနဲ့ ထုတ်လွှင့်ရင်း ရဟတ်ယာဉ်တွေနဲ့ တောအုပ်အပေါ် ပတ်ပျံပြီး ထုတ်လွှင့်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ လတုန်းက ကိုလံဘီယာ သမ္မတဟာ ကလေးတွေ ပြန်ရှာတွေ့ပြီဆိုတဲ့ သတင်းမှားကို Twitterမှာ ရေးသားမိခဲ့လို့ အကြီးအကျယ် ဝေဖန် ခံခဲ့ရပါသေးတယ်။ ဒီတကြိမ်မှာတော့ သမ္မတက ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ကလေးတွေ အတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပါ အတည်ပြု ဝေမျှခဲ့တာကို တွေ့ရပါတယ်။