သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာခံသုံးဆယ်ကျော်ကို စစ်တပ်ကဖမ်းဆီးပြီး နေအိမ်တချို့မီးရှို့ခံရ

 

 

ဇွန် ၊ ၁၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာ ရွာခံ ၃၀ ကျော်ကို မနြေ ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးထားပြီး နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။

 အင်အား ၄၀ ထက်မနည်းရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇွန်လ ၈ ရက် ညနေကတည်းက ကနက်သီရိရွာထဲ ရောက်နေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေ တိိုက်ခိုက်မှာကို စိုးရိမ်လို့ ရွာခံတွေကို ဓားစာခံအနေနဲ့ ဖမ်းထားတာလို့ ဒေသခံတွေက ပြောပါတယ်။

 “စစ်တပ်က သူတို့ပြန်ထွက်ရင် PDF တွေ တိုက်မှာစိုးလို့ ရွာသားတွေကိုဖမ်းတာ၊ ပြန်လွတ်တဲ့ သူလည်း လွတ်လာကြတယ်၊ ရွာခံတွေတော့ ရွာထဲမှာမနေရဲတော့ဘူး ထွက်ပြေးနေကြပြီ” ကနက်သီရိရွာခံ အမျိုးသားတဦးက DNA ကို ပြောပါတယ်။

 ဖမ်းဆီးထားတဲ့သူတွေကိုတော့ စစ်ကောင်စီတပ်က ဘုရားကိုးဆူဘုန်းကြီးကျောင်းထဲမှာ သူတို့နဲ့အတူ ခေါ်ထားပြီး ရွာခံအများစုကတော့ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ရွာထဲကနေ ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။

 မီးရှို့ခံရတဲ့ နေအိမ် ၃ လုံးထဲမှာ CDM ပညာရေးဝန်ထမ်းတဦးရဲ့ နေအိမ်တလုံး ပါဝင်ပြီး အခြားနေအိမ် ၆ လုံးခန့်ကိုလည်း စစ်ကောင်စီတပ်သားတွေက ဖျက်ဆီးဝင်ရောက်ခဲ့သေးတယ်လို့ ရွာခံတွေက ပြောပါတယ်။

 ပြီးခဲ့တဲ့ဇွန်လ ၈ ရက်မနက်ပိုင်းက ဝင်းဝကျေးရွာ ရဲစခန်းကနေ ထွက်လာတဲ့ အဲဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကနက်သီရိကျေးရွာကို မရောက်ခင် ရငဲရွာနဲ့ ကမြိုင်ရွာကြား အဲဒီနေ့ မနက် ၁၁ နာရီလောက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်တာ ခံခဲ့ရပြီး ၈ ဦးထက်မနည်း ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ လည်း ဒေသခံတချို့ပြောပြချက်အရသိရပါတယ်။

 ဇွန်လ ၉ ရက် မနက်ပိုင်း ၁၀ နာရီလောက်မှာတော့ ကနက်သီရိကျေးရွာနဲ့ ကပ်လျက် ပင်လယ်ပြင်မှာ ရပ်ထားတဲ့ စစ်သင်္ဘောကနေလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ရွာထဲ ဝင်လာတယ်လို့ ကနက်သီရိ ရွာခံတဦးကို ပြောပါတယ်။

 “ဝင်လာတာက အင်အားဖြည့်တာလား၊ ဒဏ်ရာရတဲ့သူတွေကို ဆေးကုဖို့ လာသယ်တာလားတော့ မသိဘူး၊ ဘယ်သူမှ ထွက်မကြည့်ရဲကြတော့ အတိအကျတော့မသိဘူး၊ ရွာထဲမှာတော့ ညက သေနတ်သံတွေကြားရတယ်၊ အခုမနက်ကတော့ ဘာအသံမှမကြားရသေးဘူး၊ ရွာခံတွေ ပစ်သတ်ခံထိတာတော့ မရှိသေးဘူး” လို့ အဲဒီရွာခံက DNA ကို ပြောပါတယ်။

 အိမ်ခြေ ၂၀၀၀ ကျော်ရှိပြီး ပင်လယ်ပြင်နဲ့ ကပ်လျက်ရှိတဲ့ ကနက်သီရိရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၇ ရက် ညနေပိုင်းကတော့ ပျူစောထီးလို့ စွပ်စွဲခံရတဲ့ အမျိုးသားတဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၆ ရက် မနက်ကလည်း သရက်ချောင်းမြို့နယ်၊ ဥတ္တူကျေးရွာက နေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ခဲ့ပါသေးတယ်။