ဇွန်၊ ၇
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသမှာ မနေ့ကညပိုင်းက မိုးရွာသွန်းခဲ့ပြီး ဗူးဘုရားကို မိုးကြိုးခခဲ့ပေမယ့် တပတ်အတွင်းပြုပြင်မယ်လို့ ရှေးဟောင်းသုတေသပညာရှင်အချို့က ပြောပါတယ်။
” မနေ့က တနေ့ကုန် မိုးရွာမယ်ထင်တာတောင် မိုးမရွာဘူး။ ည ၉ နာရီကျော်လောက်မှာ စပြီး မိုးရွာတာ အရမ်းအများကြီးတော့ မဟုတ်ဘူး ဒါပေမယ့် မိုးကြိုးပစ်တာတော့ ရှိတယ်။ ဂျိမ်း ဂျိမ်း ဆိုပြီး ဆက်တိုက်ပစ်သွားတာပေါ့။ မနက်ရောက်မှာ သိရတာ ဗူးဘုရားကို မိုးကြိုးထိတယ်ပေါ့။ မြစ်ကမ်းဖက်ကို ထိတာပါ။ ဘုရားက ရွှေရောင်ဆိုတော့ အက်ကြောင်းတွေ ပေါ်သွားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပုဂံမြို့ဟောင်း ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ထားပြီး ခရီးသွားဧည့်သည်တွေကြား ထင်ရှားတဲ့ ဗူးဘုရားကို မိုးကြိုးခခဲ့တာ ပထမဆုံးအကြိမ်ဖြစ်သလို မိုးကြိုးက စေတီတော်ရဲ့ ကိုယ်လုံးတော်ကို ထိမှန်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီလိုမိုးကြိုးခတာကြောင့် စေတီတော်ရဲ့ ကိုယ်လုံးတော်ပတ်လည်မှာ တလက်မခွဲအရွယ် အပေါက်ရာနှစ်ခု ဖြစ်ပေါ်ခဲ့ပြီး ဇကာကွက်လို အရာထင်တာ ဖြစ်ပေါ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်တဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အဲဒီတလက်မခွဲအရွယ်အနက်၂ စင်တီမီတာလောက်ရှိတဲ့ အပေါက်နှစ်ပေါက်ကတော့ ပြုပြင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သြဝါဒစရိယဆရာတော်ထံ သြဝါဒခံယူတာနဲ့ ရှေးဟောင်းသုတေသနရုံးချုပ်ကို တင်ပြဆောင်ရွက်နေတယ်လို့လည်း ရေးသားထားပါတယ်။
ဒါ့အပြင် စေတီတော်ရဲ့ စိန်ဖူးတော်အောက်ခံ ကြာဖက်ပဲ့တာ၊ ငှက်ပျောဖူး ကြာဖက်ထိပ်ပိုင်း ခြောက်လက်မခန့် ပဲ့တာနဲ့ ထီးတော်ပတ်လည်မှာ ချိတ်ဆွဲထားတဲ့ ကြေးခေါင်းလောင်းတွေ မဲသွားတာ စတဲ့ထိခိုက်ပျက်စီးမှု အနည်းငယ်သာ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီလိုမိုးကြိုးခတဲ့ စေတီတော်ကို ဇွန်လ ၇ ရက် ဒီကနေ့ ကစတင်ပြီး ပြုပြင်မှာဖြစ်ပြီး အချိန်တပတ်အတွင်း ပြီးစီးမယ်လို့လည်း အဲဒီရှေးဟောင်းသုတေသနပညာရှင်က ဆိုပါတယ်။
ပုဂံဒေသရှိ ရှေးဟောင်းစေတီတွေကို ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ၁၉၈၀ နဲ့ ၁၉၉၀ ဝန်းကျင် ကာလများတွင် မိုးကြိုးလွဲ စနစ်တွေကို တပ်ဆင်ခဲ့သော်လည်း ယခုနောက်ပိုင်း တပ်ဆင်ခြင်းမရှိတော့ဘူးလို့ ရှေးဟောင်းသုတေသန ပညာရှင်နောက်တဦးက သူရဲ့လူမူကွန်ယက်မှာ ရေးသားထားပါတယ်။
ဗူးဘုရားကို ပုဂံနန်းစံ တတိယမြောက်ဘုရင် ပျူစောထီးမင်းက တည်ခဲ့ပြီး စေတီတော်ကိန်းဝပ်ရာ ကျောက်စိုင်မှာ ဗူးသီးပုံသဏ္ဌာန်ရှိသည်ဟု မှတ်ယူကြပြီး ယခုအချိန်မှာ ပျူစောထီးလက်ထက်က တည်ထားတဲ့ စေတီတော်အဖြစ် မတွေ့ရတော့ဘဲ ခေတ်အဆက်ဆက် နှောင်းလူတို့ ပြုပြင်မွမ်းမံထားတဲ့ မှန်စီရွှေချများဖြင့် တန်ဆာဆင်ထားတဲ့ စေတီအဖြစ်ရှိနေတယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုထားပါတယ်။
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသမှာ မေလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရှေးဟောင်းဘုရား ၁၀ ဆူနဲ့ အထက်မှာ နံရံပြိုကျတာတွေ ရှိခဲ့သလိုအချို့ စေတီပုထိုးတွေမှာလည်း ရေဝင်နစ်မြုပ်တာတွေ ရှိခဲ့ပါသေးတယ်။
ဓာတ်ပုံ – CJ