မိုးဗြဲမြို့ပေါ် ရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျလို့ အမျိုးသားတဦးသေဆုံး

ဇွန် ၊ ၃

ရှမ်း-ကယားနယ်စပ်၊မိုးဗြဲမြို့၊ပွဲကုန်း (၂)ရပ်ကွက်ထဲကို ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးကျည်ကျ ရောက် ပေါက်ကွဲလို့ လူငယ်အမျိုးသားတဦး ပြင်းထန်ဒဏ်ရာတွေရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ဖြစ်စဉ်ကို ကူ ညီပေးခဲ့တဲ့ ပရဟိတအသင်းတွေဆီကသိရပါတယ်။

ဒီကနေ့ မနက် ခြောက်နာရီဝန်းကျင်မှာ အဲ့ဒီရပ်ကွက်ထဲကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး နေအိမ်ရှေ့တံမြက်စည်းလှည်းနေတဲ့ အသက်(၂၂)အရွယ် ကိုအောင်ကျော်ဖြိုးဆိုသူ အမျိုးသား သေဆုံးခဲ့တာလို့ သေဆုံးသူမိသားစုနဲ့ နီးစပ်တဲ့ဒေသခံတဦးကပြောပါတယ်။

သေဆုံးသွားတဲ့ လူငယ်ဟာ ဦးခေါင်း၊ဝမ်းဗိုက်နဲ့ ညာပေါင်တို့မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေရကာ ဆေးရုံကိုပို့ခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးခဲ့တာလို့ လွိုင်ကော်မြို့အခြေစိုက် လူမှုကူညီရေး အသင်းတခု ဖြစ်တဲ့ ရွှေလွိုင်ကော် ပရဟိတအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

“ကျွန်တော်တို့က မိုးဗြဲနဲ့လွိုင်ကော်စစ်ဆေးရေးဂိတ်မှာ လူနာကိုလွဲပြောင်းပြီး ဆေးရုံပို့ပေးခဲ့တာပါ ၊အရေးပေါ်ဌာန အရောက်မှာပဲ လူနာက သေဆုံးသွားပါတယ်၊အလောင်းကိုအိမ်ပြန်သယ်ပေးဖို့ဆောင်ရွက်နေပါတယ်”လို့သူ က ပြောပါတယ်။

အဲ့ဒီလက်နက်ကြီးဟာ စစ်ကောင်စီဘက်က ပစ်ခတ်တာလို့ ဒေသခံတွေက ပြောကြပါတယ်။တိုက်ပွဲတွေ ပြင်း ထန်နေတဲ့ ကရင်နီဒေသတွင်းမှာ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးတွေ လူနေရပ်ကွက်၊ကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေထဲ မကြာခဏ ကျရောက်ပေါက်ကွဲတတ်ပါတယ်။

လွိုင်ကော်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၅၄နဲ့ အမှတ် ၂၅၀ အမြှောက်တပ်တို့ဟာ တိုက်ပွဲရှိ သည်ဖြစ်စေ၊မရှိသည်ဖြစ်စေ ဒေသ တွင်းကို လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်နီးပါး လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကနေ့မနက်ပိုင်းက မိုးဗြဲမြို့တဝိုက်မှာ တိုက်ပွဲဖြစ်နေတာမရှိဘူးလို့လည်း ဒေသခံတွေက ပြောကြပါတယ်။ ပြီးခဲ့ တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုတွေကြောင့် လွိုင်ကော်နဲ့ မိုးဗြဲမြို့တွေမှာ ကလေးနှစ်ဦးအပါအဝင် ဒေသခံငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြသေးတယ်လို့သိရပါတယ်။