အရေးယူမှုမရှိသေးတဲ့ အရပ်သားတွေအပေါ် မှားယွင်းပစ်ခတ်မှုများ

ဇွန် ၊ ၃

 မွန်ပြည်နယ်အတွင်းက စစ်ရေးလှုပ်ရှားမှုတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေကို မှားယွင်းတိုက်ခိုက်မှုတွေရှိနေပြီးအဲဒီအပေါ်ပွင့်လင်းမြင်သာစွဦချပြအရေးယူဆောင်ရွက်တာမရှိသေးဘူးလို့နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။

 စစ်ရေးလှုပ်ရှားမှုဖော်ဆောင်တဲ့အခါမှာ အရပ်သားတွေ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေ၊ ကုန်တင်ကားတွေကို မှားယွင်းပစ်ခတ်မှုရှိခဲ့တာကို ဒေသခံတွေပြောဆိုချက်နဲ့ သတင်းထုတ်ပြန်ချက်တွေအရသိရပါတယ်။

 ဒီဖြစ်စဉ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းဆိုရင်သထုံခရိုင်ထဲမှာ အကြိမ် ၂၀ ထက်မနည်း ရှိနေပြီးမော်လမြိုင်ခရိုင်မှာဆိုရင် ၁၀ ကြိမ် ထက်မနည်း မှားယွင်းပစ်ခတ်ခံခဲ့ရတယ်လို့ DNA က မေးမြန်းရေးသားထားတဲ့သတင်းတွေနဲ့ သတင်းထုတ်ပြန်ချက်၊ ဖော်ပြချက်တွေအရသိရပါတယ်။

 ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး KNU ဘက်က ထိန်းချုပ်မှုတွေလိုအပ်တယ် လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုမင်းလွင်ဦးက ပြောပါတယ်။

တိုက်ခိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက အရပ်သားတွေ ပါလာတဲ့ ကားတစ်စီးကို တိုက်ခိုက်မိတယ်ဆိုလို့ရှိရင် သူတို့က မှားတယ်ပေါ့ဗျာ၊ မှားတယ်ဗျာ.. ဒီလောက်နဲ့ပဲ ပြီးသွားတယ်ဗျ၊ ကျွန်တော်တို့ မြင်တွေ့နေရတာကတော့၊ အဲဒီဖြစ်စဉ်ကို ကျူးလွန်တဲ့၊ အဲဒီအမှားကို ကျူးလွန်တဲ့ ရဲဘော်တွေကို အပြစ်ပေးအရေးယူတာတွေ မရှိဘူးဗျ၊ ဥပမာကေအဲန်ယူနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ခိုက်မယ်ဆိုရင်လည်း ကေအဲန်ယူဘက်နေပြီးတော့ဘဲ အများကြီးထိန်းချုပ်ဖို့ လိုအပ်သေးတယ်လို့ ကျွန်တော်တို့ မြင်တယ်။

 ဒီလိုမျိုးအရပ်သားကားမှားယွင်းပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားလာတာကြောင့် ယာဉ်မောင်းနှင်သူတချို့ကလည်း ယာဉ်ပြေး ဆွဲဖို့ စိုးရိမ်ထိတ်လန့်နေသလို တချို့ကတော့လုပ်ငန်းတွေ ရပ်နားလိုက်ကြတယ်လို့ လည်း ကိုယ်တိုင်ကြုံရတဲ့ ယာဉ်မောင်းတွေကဆိုကြပါတယ်။

 ဒီလို အရပ်သားမှားယွင်းပစ်ခတ်တဲ့ဖြစ်စဉ်တွေထဲကအနီးစပ်ဆုံးဖြစ်စဉ်တစ်ခုကို ပြောရရင် ပြီးခဲ့တဲ့ မေလ ၂၆ ရက် ပိုင်းက သထုံမြို့နယ် ကလိကျွန်းကျေးရွာနဲ့ ကရင်လေးဆိပ်ကျေးရွာအကြား ရန်ကုန်မော်လမြိုင်ကားလမ်းမပေါ်မှာ ကုန်တင်ကားတစ်စီးကို PDF ပူးပေါင်းတပ်ဖွဲ့တွေက မှားယွင်းမိုင်းဆွဲခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

 ဒီဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အဲဒီတိုက်ခိုက်မှုက KNLA , PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်ချက်ဖြစ်တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူ တစ်ဦးက DNA ကို ပြောဆိုထားပါတယ်။

 ဒါအပြင် အခုမေလထဲမှာပဲ သထုံနဲ့ ဘီလင်းမြို့နယ် ရန်ကုန်မော်လမြိုင်ကားလမ်းမပေါ်မှာ ကုန်တင်ကားတွေ၊ ခရီးသည်တင် ကားတွေ ချောင်းမြောင်းပစ်ခတ်ခံရတာနဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်းမှာ ဦး သေဆုံးကာ ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

 ဒီလိုမှားယွင်းတိုက်ခိုက်မှုအများဆုံးဖြစ်ပွားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာဆိုရင် ကေအဲန်ယူရဲ့ ကွပ်ကွဲမှုအောက်မှ တပ်ဖွဲ့ဝင်တွေ ဖြစ်တာကြောင့် အပြစ်ပေးအရေးယူမယ်ဆိုရင် ကေအဲန်ယူရဲ့ မူဝါဒစည်းမျဉ်းစည်းကမ်းတွေအတိုင်း လက်ခံသွားမယ်လို့ သထုံခရိုင် pdf ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။

  “လက်ရှိ တပ်ဖွဲ့ဝင်တွေထဲမှာတော့ အရေးယူခံရတာမျိုးတော့ မရှိသေးပါဘူး၊ ဘာမှတော့ မရှိသေးဘူး၊ ကျွန်တော်တို့ဆီမှာတော့ အခု စစ်ဆေးနေတာတွေတော့ ရှိပါတယ်။ အဲဒါမျိုးကတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့က KNU ရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတယ်လေ၊ သူတို့နဲ့ လက်တွဲလုပ်နေတာဆိုတော့ သူတို့ရဲ့ လက်ရှိဥပဒေအတိုင်းပေါ့နော်၊ သူတို့ရဲ့ အရေးယူဆောင်ရွက်မှု အတိုင်းပဲ လက်ခံပါတယ်။” လို့ ပြောပါတယ်။

 ဒါအပြင် တချို့ဖြစ်စဉ်တွေမှာ စစ်ရေးတင်းမာနေတဲ့ နေရာဒေသနဲ့ လမ်းပိုင်းတွေကို အသုံးမပြုဖို့ သတိပေးထုတ်ပြန်နေပေမယ့် လိုက်နာမှုမရှိပဲဖြတ်သန်းသွားလာတာကြောင့်မှားယွင်းပစ်ခတ်ခံရတာမျိုးရှိတယ်လို့လည်း ဆိုပါတယ်။

 ‘’ကျွန်တော်အရှေ့မှာပဲဗျာ.. ပြီးခဲ့တဲ့ရက်ပိုင်းမှာ မိုင်းဆွဲခံရတာ၊ ကျွန်တော်တို့ကားနဲ့ အရှေ့က မိုင်းဆွဲခံရတဲ့ကားက ရှေ့ဆင့် နောက်ဆင့်ပဲ ကျွန်တော်တို့အနားမှာလည်း စစ်တပ်နဲ့ပတ်သက်တဲ့ ကားတစ်စီးမှကို မရှိတာ၊ ဒီလိုကျတော့ ကျွန်တော်တို့လည်း အရမ်းကြောက်နေတာပေါ့၊ စားဝမ်းနေရေးအတွက် မဖြစ်မနေလုပ်ကိုင်စားသောက်နေရတာပါ။ အဆင်ပြေနေရင် ခုလိုလည်း ဘယ်သွားမလဲဗျာ။ အခုဆို ကျွန်တော် ကားမထွက်ရဲတော့ဘူး။ ရှိတာလေးနဲ့ပဲ စားသောက်နေရတယ်။ တခြားအလုပ်ကလည်း ချက်ချင်းရှာဖို့ အဆင်မပြေသေးဘူး’’ လို့ ကိုယ်တိုင်ကြုံရတဲ့ ယာဉ်မောင်းတဦးက

DNA ကိုပြောပါတယ်။

 လက်ရှိမှာလည်း ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူအနေနဲ့ တော်လှန်ရေးအင်အားစု PDF ရဲဘော်တွေ ကို ကေအဲန်ယူရဲ့ မူဝါဒအတိုင်း ဆောင်ရွက်နေတယ်လို့  DNA ကိုအခုလိုပြောပါတယ်။

 ကေအဲန်ယူအဖွဲ့အစည်းမှာ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေရှိတယ်လေ၊ အဲဒီအတိုင်းပဲ အရေးယူနေတယ်၊ စည်းကမ်းချိုဖောက် တာတို့ ရာဇဝတ်မှုကျူးလွန်တာတို့ပေါ့နော်၊ ပြစ်မှုကျူးလွန်တာတို့၊ အခုအခြေအနေမျိုးမှာက ပြည်သူကို ထိခိုက်တာကတော့ ဒါက မဖြစ်သင့်ဘူး၊ ဒါက ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းရှိတယ်၊ အဲဒီလိုမျိုးအရေးယူသွားမှာပါ။ အပြစ်ပေး အရေးယူတဲ့ အပိုင်းကတော့ ကေအဲယူအဖွဲ့ အစည်းအနေနဲ့ အရေးယူနေတာတော့ ရှိတယ်၊ အပြစ်ပေးအရေးယူတဲ့အပိုင်းကတော့ ကေအဲန်ယူရဲ့ တာဝန်သာဖြစ်တယ်၊ အဲဒါ သူတို့ တွေရဲ့ အကောင်းဆုံးထိရောက်မှုရှိအောင် အတတ်နိုင်ဆုံးတော့ အပြစ်ပေး အရေးနေတဲ့နိုင်ဖို့နဲ့ ပညာပေးဖို့ကိစ္စတွေ အတက်နိုင်ဆုံး လုပ်နေတာပဲ။လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌ ဦးကျော်မြင့် ကဆိုပါတယ်။

မွန်ပြည်နယ်မှာဆိုရင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပါအဝင် လက်နက်ကိုင် တော်လှန်ရေးအင်အားစု (၄၀)နီးပါး ရှိနေပါတယ်။

 အဲဒီအမှာဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ကနေ စစ်ရေးလှုပ်ရှားနေတာ ရှိကြသလို တချို့ကျတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ကနေ စစ်ရေးလှုပ်ရှားနေကြတာဖြစ်ပြီး တချို့ကျတော့ သီးခြားတစ်ဖွဲ့တည်းနဲ့ စစ်ကောင်စီကို ခုခံတော်လှန်နေကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်သူ့ခုခံစစ်လက်နက်ကိုင်တိုက်ပွဲ စတင်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက် နိုင်ငံတဝှမ်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

အဲဒီအထဲမှာ စစ်ကောင်စီကို လက်နက်ကိုင်လမ်းစဉ်နဲ့ ခုခံတော်လှန်မှုဟာ မွန်ပြည်နယ်မှာလည်း အားကောင်းနေခဲ့ပါတယ်။

KNU အနေနဲ့တော့ ဒီလိုမျိုးဖြစ်စဉ်တွေ ထပ်မဖြစ်ဖို့ စစ်ရေးဖော်ဆောင်မှုနည်းလမ်းတွေကို  ပူးပေါင်းပါဝင်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ PDF ရဲဘော်တွေကို ထိန်းကျောင်းပြောဆိုမှုတွေရှိနေပေမယ့်လေးစားလိုက်နာကျင့်သုံးမှုတွေမှာ အားနည်းမှုတွေ ရှိတယ်လို့ လည်းဆိုပါတယ်။

 ဒီလိုအရပ်သားတွေမှားယွင်းပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကိုခုခံတော်လှန်နေချိန်မှာ အရပ်သားတွေထိခိုက်မှုတွေအတွက် တော်လှန်ရေးပြီးဆုံးတဲ့အခါအပြစ်ပေးအရေးယူတာဝန်ခံသင့်တယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပြောဆိုချက်တွေရှိသလိုတဖက်မှာလည်း လက်ရှိကာလမှာပဲ အရေးယူမှာဖြစ်တယ်ဆိုတဲ့ ထောက်ပြမှုတွေလည်းရှိနေပါတယ်။

 ဒါကတော့ အမျိုးမျိုးပေါ့လေ၊ ကျွန်တော်တို့အပိုင်းကတော့ ပွင့်ပွင့်လင်းလင်းပြောရရင်ပေါ့ဗျာ၊ ဒီလို ဖြစ်ပြီးတဲ့အချိန်မှာ ချက်ချင်းအရေးယူဆောင်ရွက်ချင်တာ လုပ်ချင်တာပဲ၊ ဟို.. စစ်ကောင်စီလိုမျိုး သက်သက်ကြီး လုပ်ယူတာမျိုးလည်း မဟုတ်ဘူး၊ တခါတလေကျတော့ မတော်တဆဖြစ်သွားရင်းနဲ့ ထိခိုက်သွားတာကို၊ ကျွန်တော်တို့က သတိပေးတယ်၊ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ်မနေကြဖို့၊ စစ်ကောင်စီနဲ့ တွဲသွားတွဲလာမလုပ်ကြဖို့ စတဲ့ဟာတွေ စာထုတ်ခဲ့တာရှိခဲ့တယ်လေ၊ အဲဒီကြားထဲမှာ ထိခိုက်ခဲ့တဲ့ဟာတွေကိုလည်း ကျွန်တော်တို့တွေက ဟို ထိခိုက်မှုဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးကလည်း ကျွန်တော်တို့အနေနဲ့ကလည်း နောက်ပိုင်းမှာပဲ ဒါကို ပြန်လည်ဖြေရှင်းတာမျိုးတွေက ကျွန်တော်တို့အတွက် ပိုပြီးသင့်တော်မယ် ထင်ပါတယ်။ ကျွန်တော်တို့ မှတ်တမ်းတွေ ထားထားပါတယ်၊ အရေးယူသင့်တာမှန်သမျှတော့ ကျွန်တော်တို့က အရေးယူ ရမှာပဲ လေ။လို့ သထုံခရိုင် pdf ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။

 ဒီလို အသွင်ကူးပြောင်းရေးကာလရောက်မှ အရေးယူမယ်ဆိုတာ မဖြစ်သင့်သလို ဥပဒေနဲ့လည်း ညီညွှတ်မှုမရှိတာကြောင့် တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနဲ့ ချက်ချင်းအရေးယူဖို့လိုအပ်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရားသူ ကိုမင်းလွင်ဦးက ပြောပါတယ်။

 အရပ်ထဲမှာ ပြောနေတဲ့ဟာတစ်ခုပေါ့ဗျာ၊ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ပြောနေတဲ့ဟာတစ်ခုပေါ့ဗျာ၊ ဒါတွေက အသွင်ကူးပြောင်းရေးကာလရောက်လို့ရှိရင် ဒါတွေကို သူတို့အရေးယူခံပါ့မယ်၊ ဒါက ဥပဒေနဲ့ မညီဘူးလေဗျာ။ ဥပဒေမှာ အပြစ်ပေး အရေးယူရမယ်ဆိုတာ ရှိနေရဲ့သားနဲ့ နောက်မှ အရေးယူခံရမယ်ဆိုတဲ့ဟာက ဘယ်ဥပဒေမှ မရှိဘူးဗျ၊ အဲလိုမျိုးတွေ ကျွန်တော်မဖြစ်စေချင်ဘူး၊ ကျွန်တော်တို့က တရားတဲ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲတဲ့အခါမှာ ကိုယ့်ဘက်က အတက်နိုင်ဆုံး ဂုဏ်သိက္ခာအရှိဆုံး လေးစားတန်ဖိုးထားဖို့လိုတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ထိထိရောက်ရောက်နဲ့ အရေးယူဆောင်ရွက် တာမျိုးတွေ ချက်ချင်းလုပ်ပေးဖို့ ကျွန်တော်တို့ လိုချင်တယ်။