ကျွန်းလှမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းမီးရှို့လို့ ရွာလေးရွာက နေအိမ်နှစ်ဆယ့်ငါးလုံးနဲ့ ဆေးပေးခန်းတခု ပျက်စီး

မေ၊ ၃၁
 
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ထဲမှာ စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကောင်စီက နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးမှုတွေ လုပ်ခဲ့လို့ ရွာလေးရွာက နေအိမ် (၂၅)လုံး၊ စပါးတိုက် သုံးလုံးနဲ့ ကျေးလက်ဆေးပေးခန်းတခု ပျက်စီးသွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်)တာဝန်ခံက ပြောပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ပါဝင်တဲ့ စစ်ကြောင်းဟာ ကျွန်းလှမြို့နယ်အတွင်းက သံပုရာပင်စုရွာ၊ လွှတ်တိုက်ရွာ၊ ဆွဲလှည်းရွာနဲ့ မဒေါင်ရွာတို့ကို မေလ ၂၉ ရက်နဲ့ ၃၀ ရက်တို့မှာ နှစ်ရက်ဆက် စစ်ကြောင်းထိုးမီးရှို့မှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။
 
ကန့်ဘလူမြို့နယ် အခြေစိုက် စစ်ကောင်စီအမြှောက်တပ်ရင်း ၆၀၀၆ ဘက်ကနေလာတဲ့ အင်အား (၁၇၀)ဝန်းကျင်ပါ အဲ့ဒီစစ်ကြောင်းဟာ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ် ထိစပ်ဒေသတွေကို မေလ ၂၄ ရက်မှာ စတင်စစ်ကြောင်းထိုးခဲ့တာပါ။
 
အဲ့ဒီစစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့မှု မလုပ်မီ သဖန်းဆိပ်ဆည်အနီးဝန်းကျင်က ရွှေလုပ်ကွက်တွေထဲ ဝင်ရောက်တပ်စွဲကာ ရွှေမျှောဖောင်တွေကို ဖျက်ဆီးတာ၊ လုပ်ငန်းသုံးပစ္စည်းတွေကို သိမ်းယူတာတွေ လုပ်ခဲ့သလို အဲ့ဒီလုပ်ကွက်တွေမှာ လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေကို ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။
 
ရွှေလုပ်ကွက်တွေထဲက ရွှေမျှောဖောင်အကြီး ၃၀ ကျော်၊ ၆ လုံးထိုး အင်ဂျင်အလုံး ၃၀ ကျော်၊ လေးလုံးထိုး အင်ဂျင်တွေ၊ ဆိုင်ကယ်အစီးတရာဝန်းကျင် စတဲ့လုပ်ငန်းသုံးပစ္စည်းတွေနဲ့ စုစုပေါင်းလူဦးရေ (၇၀)လောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး မေလ ၂၈ ရက်ကတော့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
 
အဲ့ဒီလို စစ်ကြောင်းထိုးခဲ့ချိန်အတွင်း ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာ (၁၃)ရွာအပါအဝင် ကျွန်းလှ၊ ကန့်ဘလူ၊ ကောလင်းမြို့နယ်တို့က ကျေးရွာပေါင်း (၁၆)ရွာလောက်က လူဦးရေတသောင်းလောက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ကျွန်းလှမြို့နယ်ထဲက ပျူစောထီးအထိုင်စခန်းရှိတဲ့ လယ်လှရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။ စစ်ကြောင်းအန္တရာယ် ထပ်ရှိလာနိုင်သေးတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံတွေကတော့ နေရပ်မပြန်ကြသေးဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
 
ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
ပုံစာ – စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ကျွန်းလှဒေသခံများ (ပုံဟောင်း)။