မေ၊ ၁၄
ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ပုဂံဒေသမှာ လတ်တလော မိုခါမုန်တိုင်းအရှိန်ကြောင့် မိုးရေချိန် ၆ ဒဿမ ၃၄ လက်မနဲ့ နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း စံချိန်အသစ်တင်ခဲ့ပြီး မိုးရေကြောင့် တချို့ပုဂံဘုရားတွေမှာ ရေဝပ်တာတွေရှိနေတယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနနဲ့ ဒေသခံတွေကဆီက သိရပါတယ်။
” မိုးကတော့ ဆက်တိုက်ဆိုသလို ရွာနေတာပေါ့။ မိုးရေကများတော့ ဘုရားတချို့တွေမှာ ရေဝပ်တာတွေတော့ ရှိတယ်။ ပြီးတော့ ဒီမှာက သဲချောင်းတွေပေါတယ်လေ အဲဒီကနေ ရေတင်တာရှိတယ်။ ဘုရားတွေ ထိခိုက်ပျက်ဆီးတာမျိုးတော့ မကြားမိသေးဘူး။ ဘုရားမှာ ရေဝပ်တာတွေကတော့ အတော်များတယ်။ တချို့နေရာတွေမှာဆို ရေက ခြေသလုံးလောက်အထိ မြုပ်တာရှိတယ်။ ရေဝပ်တာကြာမယ်ဆိုရင်တော့ ပျက်ဆီးမှာ စိုးရိမ်ရတာပေါ့ ” လို့ ပုဂံဒေသခံတဦးက ပြောပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ညောင်ဦးမြို့နယ်မှာတော့ မနေ့က မိုးများခဲ့ပြီး နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း အမြင့်ဆုံးမိုးရေချိန်စံချိန်သစ် တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ထုတ်ပြန်ထားပါတယ်။
ရှေးဟောင်းဘုရားစေတီတွေနဲ့ အဆောက်အအုံတွေရှိရာ ညောင်ဦးမြို့နယ်မှာ မနေ့က မိုးသည်းသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ၆ ဒသမ ၃၄ လက်မအထိ မိုးရေချိန်စံချိန်သစ် တင်ခဲ့တာပါ။
အဲဒီမိုးရေချိန်က ညောင်ဦးမြို့နယ်မှာ လွန်ခဲ့တဲ့ ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်က စံချိန်သစ်ဖြစ်ခဲ့တဲ့ ၄ ဒဿမ ၇၆ လက်မကို စံချိန်ချိုးနိုင်ခဲ့သလို မိုးရေချိန်စံချိန်သစ်အဖြစ် နှစ်ပေါင်း (၅၈)နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပုဂံဒေသမှာ ဒီလ ၁၂ ရက်လောက်ကတည်း ရွာသွန်းနေသလို တခါတရံလေပြင်းပါတိုက်ခတ်တာတွေဖြစ်ပြီး သစ်ပင်တွေ လဲကျပျက်စီးတာတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုဂံဒေသမှာ မိုးရွာသွန်းမှုအားကောင်းခဲ့တာကြောင့် ရှေးဟောင်းအဆောက်အဦနဲ့ နံရံဆေးရေးပန်ချီပျက်ဆီးမှုများကို နယ်မြေ ၁၁ ခုဆီခွဲပြီး စစ်ကောင်စီလက်အောက်ခံ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ) က စစ်ဆေးတာတွေ လုပ်ဆောင်တာရှိတယ်လို့ အဲဒီဌာနနဲ့နီးစပ်သူတဦးက ပြောပါတယ်။
” သူတို့ ဌာနကအင်ဂျင်နီယာတွေနဲ့ ပျက်ဆီးမှုလိုက်စစ်တာတွေရှိတယ်။ အရင်နေ့တွေကတော့ မိုးမရွာခင် ဘုရားနားက မလွတ်တဲ့ သစ်ပင်တွေခုတ်တယ်။ ရေဝပ်တဲ့ ဘုရားတွေနားတော့ အခုတော့ဘာမှာ မလုပ်သေးဘူး။ ရေစီးဖို့ နေရာတွေဖော်ပေးတာတွေ လုပ်ရမှာပေါ့ ” လို့ သူကပြောပါတယ်။
မိုးကြောင့် ရှေးဟောင်းအဆောက်အအုံတွေ နှင့် နံရံပန်းချီတွေ ထိခိုက်ပဲ့ကျပျက်စီးမှု မရှိသေးသော်လည်း အချို့ရှေးဟောင်းအဆောက်အအုံ အနည်းငယ်မှာ မိုးရေယိုစိမ့်မှုတွေ ရှိနေသလို အချို့ဘုရားအခြေနေရာတွင် ရေအနည်းငယ်ယာယီဝပ်နေတာရှိတယ်လို့ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ (ပုဂံဌာနခွဲ) ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ရေစီးဆင်းသည့် လမ်းကြောင်းတွေအနက် ပုဂံမျှော်၊ ရွှေနန်းရင်တော်ဘုရားစုတဝိုက်မှ ရေတွေ အနော်ရထာလမ်းမကြီးကို ဖြတ်ကျော်စီးဆင်းခဲ့တဲ့အတွက် ရွာဟောင်းကြီးဘုရားအနီးမှာ ရေဝပ်တာတွေရှိနေတယ်လို့ ဆိုပါတယ်။
” ရေဝပ်တဲ့နေရာတွေဆိုရင် ရေခေါ်မြောင်းတို့ ရေလမ်းကြောင်းတို့ဖော်ပေးရမယ်။ အခုတော့ အဲလိုလုပ်ပေးတာ သိပ်မမြင်ရသေးဘူး။ မဟုတ်ရင် အဲဒီနားတဝိုက်ရေတွေ အိုင်ပြီး ဘုရားအောက်ခြေတွေကို ထိခိုက်နိုင်တယ်။ နောက်မိုးယိုတဲ့နေရာတွေဆို ချက်ချင်းပြင်သင့်တယ်။ ဘာလိုလည်းဆိုတော့ မိုးရေက ဘုရားတွေထဲဝင်ကုန်မှာလေ အကုန်စိုပြီးတော့ ကြာရင်ထိခိုက်မှုတွေကြီးမားသွားနိုင်တယ် ” လို့ ဒေသခံတဦးကပြောပါတယ်။
ဓာတ်ပုံ – ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာန