ခင်ဦးမှာလည်း ဒေသခံသုံးထောင်ဝန်းကျင် မိုးထဲရေထဲ စစ်ရှောင်နေရပြန်

မေ၊ ၁၄
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ခြမ်းက အင်းပတ်ကျေးရွာ၊ ချမ်းသာကုန်းနဲ့ ကုန်းသာကျေးရွာ စတဲ့ကျေးရွာတွေက ဒေသခံပေါင်းသုံးထောင်ဝန်းကျင်းဟာ မိုးကြီးလေကြီးကြားထဲက စစ်ရှောင်ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။
 
အင်းပတ်ကျေးရွာမှာ အထိုင်ချနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့တွေဟာ ဒီကနေ့မနက် ၆ နာရီဝန်းကျင်က ချမ်းသာကုန်းကျေးရွာအတွင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ကာ ကျေးရွာအတွင်းက စားစရာတွေ ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် အင်းပတ်ကျေးရွာအတွင်းကိုလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့လို့ အသက်လေးနှစ်အရွယ် ကလေးငယ်တဦး ကျည်ထိမှန်ကာ ဆေးကုသမှုခံယူနေရတယ်လို့လည်း သိရပါတယ်။
 
ရခိုင်ကမ်းရိုးတန်းကို ဗဟိုပြုပြီး တိုက်ခတ်မယ်ဆိုတဲ့ မုန်တိုင်းမိုခါကြောင့် နိုင်ငံအနှံ့အပြားက မြို့နယ်တွေဟာ မိုးကြီးတာ၊ လေပြင်းတိုက်ခတ်နေတာတွေ ဖြစ်ပေါ်နေကာ သစ်ပင်တွေကျိုးတာ၊ နေအိမ်တွေပေါ် အပင်တွေပြိုလဲတာတွေလည်း ဖြစ်ပေါ်နေတာပါ။ 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး