ဧပြီ၊ ၂၉
ယူကရိန်းနိုင်ငံ အလယ်ပိုင်းမှာ ရုရှားရဲ့ ဒုံးကျည် တိုက်ခိုက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၃၀ နီးပါးထိ မြင့်တက်လာကြောင်း သိရပါတယ်။
ဧပြီ ၂၈ ရက် အစောပိုင်းက ရုရှားဟာ ကိယက်ဗ်မြို့တော် အပါအဝင် ယူကရိန်းက မြို့ ၄ မြို့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ကျန်တဲ့မြို့တွေမှာ ထိခိုက်သေဆုံးမှု ပြဿနာတွေ ကြီးကြီးမားမား မရှိခဲ့ပေမယ့် ကိယက်ဗ် တောင်ပိုင်းက အူမန်မြို့မှာတော့ လူနေတိုက်ခန်းတွဲ တခုတည့်တည့် ဒုံးကျည် ထိမှန်တာကြောင့် အရပ်သားပြည်သူ အများအပြား အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ အပြင်းအထန် ရှုတ်ချမှုကို ခံနေရတဲ့ အဲဒီ ဒုံးကျည်တိုက်ခိုက်မှုဟာ ဒေသစံတော်ချိန် မနက် ၄ နာရီဝန်းကျင်၊ လူတွေအိပ်စက်နေချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။ ရုရှားဟာ ကက်စ်ပီယန် ပင်လယ်ထဲမှာ ပျံသန်းနေတဲ့ လေယာဉ်တွေကနေ အူမန်မြို့ဆီ တာဝေးပစ် ခရုစ်ဒုံးကျည်တွေနဲ့ လှမ်းပစ်ခဲ့တာလို့ ဆိုပါတယ်။
ယူကရိန်း လေကြောင်းကာကွယ်ရေး တပ်တွေကတော့ ရုရှားပစ်ခတ်ခဲ့တဲ့ ဒုံးကျည် ၂၃ စင်းထဲမှာ ၂၁ စင်းကို ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဒုံးကျည်တချို့ကတော့ ချာကာဆီ ပြည်နယ်ထဲက မြို့ငယ်လေး အူမန်နဲ့ ဒီနီပရို မြို့ကြီးတွေကို ထိမှန်ခဲ့ပါတယ်။ ယူကရိန်း အာဏာပိုင်တွေရဲ့ အဆိုအရ ဒုံးကျည် ၂ စင်းဟာ အထပ်မြင့် လူနေတိုက် ၃ လုံးနဲ့ ကုန်လှောင်ရုံ တခုကို ထိမှန်ခဲ့ကြောင်း သိရပါတယ်။ အဲဒီထဲက တိုက်တလုံးမှာ ဆိုးဆိုးရွားရွား အသေအပျောက်တွေ ဖြစ်ပေါ်ခဲ့တာပါ။
ကယ်ဆယ်ရေးတွေဟာ အပျက်အစီးတွေအောက်မှာ ပိတ်မိနေသူတွေကို လိုက်လံ ရှာဖွေနေရင်း အသက်ရှင် ကျန်ရစ်သူတွေအပြင် ရုပ်အလောင်းတွေကိုပါ ဆက်တိုက် တိုးပွား တွေ့ရှိနေပါတယ်။ ဧပြီ ၂၉ ရက် မနက်ပိုင်းထိ အခြေအနေအရ အနည်းဆုံး အလောင်း ၂၇ ခုကို ရှာတွေ့ထားပြီး ဖြစ်သလို ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီနီပရိုက တိုက်ခိုက် ခံရမှုမှာတော့ အမျိုးသမီး ၁ ဦးနဲ့ သားငယ်လေး သေဆုံးသွားပါတယ်။
အခုလို ကျင့်ဝတ်မဲ့ ဒုံးကျည် ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့ ရုရှားအပေါ် နိုင်ငံတကာ ရှုတ်ချမှုတွေက ပြင်းပြင်းထန်ထန် ထွက်ပေါ်လာပါတယ်။ ရုရှား အစိုးရက ယူကရိန်းစစ်ပွဲမှာ အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတာမျိုး လုံးဝမလုပ်ပါဘူးလို့ ငြင်းဆိုနေတဲ့တိုင် အဲဒီ ရာဇဝတ်မှုမျိုးတွေ အစဉ်တစိုက် ဖြစ်ပေါ်နေဆဲဆိုတာ အခုကိစ္စက သက်သေခံနေပါတယ်။
အူမန်မှာတော့ သေဆုံးသူတွေ အများအပြား ရှိခဲ့တဲ့အပြင် ဒါဇင်နဲ့ချီပြီး ဆေးရုံတက်နေရသလို ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးကြောင်း ကယ်ဆယ်ရေးတွေက ပြောကြားထားပါတယ်။
Ref: CNN