မတော်တဆမှုတွေအပြီး အမေရိကန် ကြည်းတပ် လေယာဉ်အားလုံး ပျံသန်းမှု ဆိုင်းငံ့ထား

ဧပြီ၊ ၂၉

ရဟတ်ယာဉ်ချင်း လေထဲမှာ တိုက်မိမှု နှစ်ကြိမ် ရှေ့ဆင့်နောက်ဆင့် ကြုံခဲ့တဲ့နောက် အမေရိကန် ကြည်းတပ်ဟာ အရေးကြီး မစ်ရှင်တွေကလွဲရင် ကျန်တဲ့ လေယာဉ်အားလုံး ပျံသန်းမှုကို ယာယီ တားမြစ်ထားလိုက်ပါတယ်။

လေကြောင်းပျံသန်းမှုတွေ ရပ်တန်းက ရပ်ထားဖို့ အမိန့်ကို ဧပြီ ၂၈ ရက်မှာ ကြည်းတပ်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကြည်းတပ်ရဲ့ Apache အမျိုးအစား တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီး အလာစကာ ပြည်နယ်မှာ တိုက်မိခဲ့ပြီး လေယာဉ်မှူး ၃ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး နောက်တရက် အကြာမှာ အခုအမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လေယာဉ်မှူးတွေဟာ နောက်ထပ် သီးသန့် မွမ်းမံသင်တန်းတွေ မပြီးမချင်း လေယာဉ်တွေ ပျံသန်းခြင်းကနေ ဆိုင်းငံ့ခံထားရမယ်လို့ အမေရိကန် ကြည်းတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂျိမ်းစ်မက်ကွန်ဗီးလ်က ပြောပါတယ်။

မတ်လ ၂၀ ရက်တုန်းကလည်း ကန်တက်ကီမှာ ကြည်းတပ်ရဲ့ Black Hawk ဘက်စုံသုံး စစ်ရဟတ်ယာဉ် နှစ်စီး တိုက်မိတာကြောင့် စစ်သား ၉ ဦး အသေအပျောက် ဖြစ်ပေါ်ခဲ့ပါတယ်။

အခု မတော်တဆမှုတွေကြောင့် အသက်ဆုံးရှုံးခဲ့ရသူ တဦးချင်းစီအတွက် လေးလေးနက်နက် ဝမ်းနည်းကြေကွဲမိကြောင်း မက်ကွန်ဗီးလ်က ပြောပါတယ်။ လေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်ထားခြင်းဟာ အမေရိကန်ရဲ့ ကြည်းတပ် တခုထဲပဲ အကျုံးဝင်ပြီး ကျန်တဲ့ လေတပ်၊ ရေတပ်၊ မရိန်းတပ်ဖွဲ့တွေနဲ့ မသက်ဆိုင်ပါဘူး။ အမေရိကန် ကြည်းတပ်ဟာ တိုက်ခိုက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ထောက်လှမ်းရေးစတဲ့ ရည်ရွယ်ချက်တွေအတွက် ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေနဲ့ ဒရုန်းတွေကို အသုံးပြုနေပါတယ်။

ကြည်းတပ် လေယာဉ်တွေ ပျံသန်းခွင့် ဆိုင်းငံ့ထားချိန် အတောအတွင်း အမြဲတမ်း တပ်ဖွဲ့ဝင် လေယာဉ်မှူးတွေဟာ မေလဆန်းမှာ မွမ်းမံသင်တန်းတွေ တက်ကြရမှာပါ။ အမေရိကန်ရဲ့ အရန်တပ်တွေနဲ့ အမျိုးသား အစောင့်တပ်တွေရဲ့ လေယာဉ်မှူးတွေကတော့ မေလကုန်မှာ သင်တန်း ပြန်တက်ရမယ်လို့ ညွှန်ကြားထားပါတယ်။ 

အခုသီတင်းပတ်က အလာစကာ ပြည်နယ်မှာရှိတဲ့ ဖို့တ်ဝိန်းရိုက် စစ်အခြေစိုက် စခန်းနားမှာ ရဟတ်ယာဉ်နှစ်စီး ပျက်ကျမှုဟာ လေ့ကျင့်ပျံသန်းမှုတွေကနေ ပြန်အလာမှာ မတော်တဆ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြောင့် ၃ ယောက် သေတဲ့အပြင် ၁ ဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

 

Ref: BBC