ဧပြီ ၊ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့မှာ ဖြစ်ပေါ်နေတဲ့ ပြည်သူကာကွယ်ရေးတပ်မတော် MDY- PDF နဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေတဲ့ စစ်ရှောင်တချို့ ရွာသို့ ပြန်လာချိန်မှာ စစ်တပ်ကရွာအပြင်မထွက်ခိုင်းတော့ဘဲ အဝင်အထွက်လမ်းတွေကို ပိတ်ထားတယ်လို့ အဲဒီဒေသခံတွေကပြောပါတယ်။
လက်ရှိမှာ နောင်ချိုမြို့က တချို့ကျေးရွာတွေမှာ တိုက်ပွဲတွေငြိမ်နေတဲ့အတွက် ဒေသခံတွေက ကျေးရွာတွေကို ပြန်သွားတာတွေရှိနေတာပါ။ ဒါပေမယ့် အများစုကတော့ ရွာကိုခဏပြန်တယ် ဆိုပေမယ့် စစ်တပ်ကအခုလို တားဆီးတာတွေလုပ်နေတဲ့အတွက် ပိတ်မိသလို ဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
” နားခါးရွာဖက်က ဒေသခံတချို့ ရွာကိုပြန်သွားကြတယ်။ ဒါပေမယ့်အခုဘာဖြစ်လည်း ဆိုတော့ စစ်တပ်က သူတို့ကိုရွာထဲကပေးမထွက်တော့ဘူး ။ရွာထဲတော့ သွားလာလို့ရတယ်”လို့ဒေသခံတဦးကပြောပါတယ်။
ဘာကြောင့်ရွာအပြင်မထွက်ရတာလဲဆိုတာ စစ်တပ်ကရှင်းပြတာမရှိသလိုဒေသခံတွေကလည်းကြောက်လို့ မမေးရဲကြဘူးလို့လည်း ပြောကြပါတယ်။
အဲဒီဖက်မှာကအခုလောလောဆယ် တိုက်ပွဲတွေတော့ မရှိတော့ပေမယ့် ရွာထဲကမထွက်ရတော့ ဆန်၊ဆီစတဲ့အခြေခံစားကုန်တွေပြတ်လပ်နေတဲ့အတွက်အခုရွာထဲရောက်နေတဲ့လူတွေက ဆန် ဆီကျန်နေတဲ့အိမ်တွေက ချေးငှါးစားနေကြရတယ်လို့လည်းဆက်ပြောပါတယ်။
ဒီလအစောပိုင်းကတည်းက ဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာပေါင်း ၂၀ ကျော်လောက်က ဒေသခံ ၅၀၀၀ နီးပါးလောက်က နောင်ချိုမြို့ပေါ်အပါအဝင် ပြင်ဦးလွင်နဲ့ အခြားနေရာတွေကို ရွေ့ပြောင်းနေထိုင်နေရပါတယ်။ တချို့ရွာတွေက ဒေသခံတွေ နေရပ်ပြန်တာရှိနေပေမယ့် အများစုကတော့ လက်ရှိအချိန်အထိ စစ်ရှောင်နေကြတုန်းလို့ ဟိုခိုရွာ ဒေသခံတဦးကပြောပါတယ်။
“ကျမတို့ကတော့ ရွာပြန်မရသေးဘူး။ မပြန်ရဲသေးလို့ပါ။ ကျမတို့အနီးကရွာတွေလည်း မပြန်ကြသေးဘူးလို့ပြောတယ်။ တချို့ရွာပြန်တယ်ဆိုတာကလည်း ကျွဲတွေနွားတွေ ဒီအတိုင်းထားခဲ့ရတယ်လေ ။အဲဒါ့တွေစိတ်ပူတော့ ပြန်ကြည့်ကြတာပေါ့။ တချို့ကျတော့လည်း စားစရာမရှိတော့ အိမ်ပြန်ယူတာတွေလည်းရှိတယ် ” လို့သူကပြောပါတယ်။
ဧပြီလ (၅)ရက်နေ့ ကနေ (၂၂) ရက်နေ့အထိ နောင်ချိုမြို့နယ်နဲ့ပြင်ဦးလွင်မြို့နယ် နယ်စပ်ဒေသ တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) (မန္တလေး)နဲ့စစ်အုပ်စုတို့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
အဲဒီတိုက်ပွဲမှာစစ်အုပ်စုက တပ်ရင်း ၇ ရင်းအပါအဝင်အင်အား ၁၀၀၀ နီးပါးအသုံးပြုပြီး တိုက်ခိုက်ခဲ့သလို ၁၈ ရက်တာ တိုက်ပွဲမှာ တိုက်ပွဲဲကြီး ၄ ကြိမ်နဲ့ တိုက်ပွဲငယ် ၁၈ ကြိမ်အထိဖြစ်ခဲ့ပါတယ်။
တိုက်ပွဲကာလမှာစစ်ကောင်စီဖက်ကတပ်ရင်းမှူးတဦးအပါအဝင် တရာနီးပါးသေဆုံး၊ဒဏ်ရာအများအပြားရရှိပြီးPDFဖက်က၁၁ ဦးသေဆုံးကာ ဒဏ်ရာရတာတချို့တွေရှိတယ်လို့ MDY- PDF ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်အုပ်စုဖက်က လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်အထိပြုလုပ်ခဲ့ပြီး လက်နက်ကြီးအလွန်အမင်အသုံးပြုမှုကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့သလို နေအိမ်တွေလည်း ပျက်ဆီးခဲ့ရပါတယ်။
လက်ရှိမှာ နောင်ချိုမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် မိုးကုတ်- ပြင်ဦးလွင်သွားကားလမ်းမပိုင်းကိုလည်း ပိတ်ပင်ထားတယ်လို့ ကားသမားတွေကဆိုပါတယ်။
“ဟိုအရင်ကတည်းကလည်း မိုးကုတ်- ပြင်ဦးလွင်သွားကားလမ်းမပိုင်းက သိပ်မသွားကြပါဘူး ။မိုးကုတ်လာမယ်ဆိုရင် သပိတ်ကျင်းလမ်းပိုင်းကပဲသွားကြတယ်လေ။ အဲဒီ(မိုးကုတ်-ပြင်ဦးလွင်) လမ်းက ဘာဖြစ်လို့လည်းဆိုတော့ အစစ်ဆေးကြမ်းတာလည်းပါတယ်။ ကားပေါ်ပါလာတဲ့ အထုပ်တွေဆိုရင် အကုန်ထုတ်စစ်တယ် ။ဖောက်စစ်တာတွေပါလုပ်တယ်။ အခုတော့ အဲဖက်တိုက်ပွဲတွေဖြစ်နေတော့ပိုဆိုးတာပေါ့ ။လမ်းလည်းပိတ်ထားတယ် ။သွားတဲ့လူလည်း မရှိဘူး ” လို့ကားသမားတဦးကပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေဖြစ်ပွားတာမရှိသေးသော်လည်း စစ်အုပ်စုဖက်က နောင်ချိုမြို့ မိုးကုတ်-ပြင်ဦးလွင်သွား ကားလမ်းအနီးရှိ တချို့ကျေးရွာတွေမှာ အထိုင်ချထားတာရှိပါတယ်။
ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF တွေလှုပ်ရှားမှုရှိတဲ့နေရာတွေမှာလည်း စစ်ကြောင်းတွေ တိုးမြင့်သွားလာတာတွေ လုပ်ဆောင်နေတဲ့အတွက် နှစ်ဖက် စစ်ရေးတင်းမာမှုတွေရှိပြီး အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။