ဧပြီ၊ ၂၂
စစ်သားသစ် စုဆောင်းရေး ဝါဒဖြန့်တဲ့ ရုရှားရဲ့ ကြော်ငြာဗီဒီယို အသစ်တခုကြောင့် ပြည်တွင်းမှာ အငြင်းပွားစရာ အခြေအနေတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက စီစဉ် ရိုက်ကူးတဲ့ ကြော်ငြာ ဗီဒီယိုဟာ စစ်သားမဟုတ်တဲ့ တခြားပရော်ဖက်ရှင်နယ် အလုပ်တွေကို စော်ကားရာ ရောက်နေကြောင်း ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်။ အဲဒီ ဗီဒီယိုထဲမှာ လုံခြုံရေးဝန်ထမ်း၊ ကာယ ကြံ့ခိုင်ရေး သင်တန်းဆရာနဲ့ တက္ကစီ ယာဉ်မောင်းတို့လို အလုပ်အကိုင်တွေကို ရွေးချယ်ထားသူတွေဟာ ယောက်ျားပီသဖို့ စစ်မှုထမ်း ဘဝကို ပြောင်းလဲ ခံယူခဲ့တယ် ဆိုတာမျိုး ပုံဖော် ရိုက်ကူးထားပါတယ်။
လုံခြုံမှု၊ ခွန်အားနဲ့ တခြားသူတွေကို ကူညီပေးမှုတွေအတွက် တခြားရွေးချယ်စရာ နည်းလမ်းရှိပြီး ယောက်ျားပီပီသသ ဖြစ်အောင် စစ်မှုထမ်းသင့်တယ်ဆိုတဲ့ ကြော်ငြာအာဘော်မျိုးက တခြား အလုပ်အကိုင်တွေကို နှိမ့်ချသလို ဖြစ်နေတယ်လို့ ရုရှားလူမှုကွန်ရက် သုံးစွဲသူတွေက ပြောပါတယ်။
နိုင်ငံသား အမျိုးသားတွေ အနေနဲ့ စစ်မှန်တဲ့ ယောက်ျားပီသသူတွေဖြစ်ကြောင်း ပြသဖို့အတွက် စစ်မှုထမ်း စာချုပ်ချုပ်ပြီး ယူကရိန်း စစ်ပွဲမှာ ပါဝင် တိုက်ခိုက်သင့်တယ်လို့ အဲဒီ ကြော်ငြာက တိုက်တွန်းထားပါတယ်။
ရုရှားဟာ စစ်ပွဲကြောင့် စစ်မှုထမ်း အများအပြား ပြုန်းတီးခဲ့တဲ့နောက် လူသစ်တွေ စုဆောင်းဖို့ အရေးတကြီး လိုအပ်နေပါတယ်။
အနောက်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အချက်အလက်တွေအရ ယူကရိန်း စစ်ပွဲ တနှစ်ကျော်လာတဲ့ ကာလအတွင်း ရုရှားစစ်မှုထမ်း ၆ သောင်းထက်မနည်း သေကြေ ဒဏ်ရာရခဲ့ပြီး ဖြစ်မယ်လို့ သိရပါတယ်။
စစ်မှုထမ်းအင်အား လျော့နည်းလာတာကြောင့် ရုရှား အစိုးရဟာ အရန်တပ်တွေကို အမိန့်အာဏာနဲ့ ဆင့်ခေါ်ပြီး ရှေ့တန်းစေလွှတ်တာမျိုး လူကြိုက်နည်းမယ့် အငြင်းပွားစရာ အခြေအနေတွေကိုပါ ရွေးချယ်ခဲ့ရပါတယ်။