အမြန်လမ်းမှာ လမ်းဘေးဘယ်ရီယာတုံးဝင်တိုက်မိတဲ့အိမ်စီးကားမီးလောင်ကာ သုံးဦးသေဆုံး

ဧပြီ၊ ၁၀
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၅/၆ အနီးမှာ ဒီကနေ့မနက်ပိုင်းက အိမ်စီးကားတစီး လမ်းဘေးဘယ်ရီယာတုံးကို ဝင်တိုက်ကာ ကားမီးလောင်မှုဖြစ်ပြီး လူသုံးဦးသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အမြန်လမ်း မိုင်တိုင်အမှတ် ၃၂၅/၆နဲ့ ၃၂၅/၇ ကြားမှာ ဒီကနေ့ မနက် ၁၁နာရီခွဲဝန်းကျင်က ယာဉ်မတော်တဆမှုနဲ့ ကားမီးလောင်မှုဖြစ်ခဲ့တာဖြစ်ပြီး အမြန်လမ်းမီးသတ်တပ်ဖွဲ့က မီးသတ်ယာဉ်တစီး၊ ရေသယ်ယာဉ်တစီးနဲ့ ငြှိမ်းသတ်ခဲ့ပေမယ့် ကားပေါ်ပါသူ အမျိုးသားသုံးဦး သေဆုံးခဲ့တာလို့ သိရပါတယ်။
မတော်တဆမှုကြောင့် လမ်းဘေး ဘယ်ရီယာတုံးကို ဝင်တိုက်မိကာ မီးလောင်မှုဖြစ်သွားတဲ့ Honda Civic အမျိုးအစား အိမ်စီးကားကို ဆယ်မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့် ကားပေါ်ပါသူတွေ သေဆုံးခဲ့တာဖြစ်တယ်လို့ မီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူ အမျိုးသားသုံးဦးရဲ့အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ သေဆုံးသွားသူသုံးဦးရဲ့ရုပ်အလောင်းတွေကိုတော့ နွားထိုးကြီးမြို့ ပြည်သူ့ဆေးရုံကို ပို့ပေးထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MFSD