ဒီပဲယင်းအနောက်ခြမ်းရှိကျေးရွာသုံးရွာတပတ်အတွင်း မီးရှို့ခံရ၊ အရပ်သားတဦးကို နားရွက်ဖြတ်

ဧပြီ၊​ ၄

နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်ပြီး ဒီပဲယင်းအနာက်ခြမ်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ရေဦးအထိုင်တပ်တခုဖြစ်တဲ့ တပ်မ (၁၁)ဟာအင်အားရာဂဏန်းနဲ့ ကျေးရွာတွေကို ဝင်ရောက်စီးနင်းပြီး မတ်လ ၃၀ ရက်နေ့ကစလို့ တပါတ်တာအတွင်း မကျည်းစောက်၊ ဘုရားထွက် (သာစည်ရွာ)၊ မဲသည်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
‘’ စစ်ကြောင်းတွေ ပြန်မထွက်သေးတော့ အိမ်ခြေဘယ်လောက်လောင်တယ်မသိရသေးဘူး ’’ လို့ ဒေသခံတဦးက ပြောပါတယ်။
 
ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ မကျည်းစောက်ကျေးရွာက လူလတ်ပိုင်းအရွယ်အမျိုးသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်နှိပ်စက်ခဲ့တဲ့အပြင်၊ ညာဖက်နားရွက်တဖက်ကိုပါ ဖြတ်တောက်ခဲ့တယ်လို့ သိရပါတယ်။
 
” ခုတော့ ထွက်ပြေးလွတ်မြောက်လာပြီ။ ဆေးကုသပေးနေရတယ်။ တခြားဒါဏ်ရာတွေလဲ မြင်မကောင်းဘူး။ ဒီပဲယင်းမြို့အနီး ၉ လက်တံ မူးဘောင်နဲ့ တောရကျောင်းကြားမှာလည်း ပြည်သူတယောက် အသတ်ခံထားရတယ်လို့ ကြားထားတယ်။ ဘယ်သူဘယ်ဝါဆိုတာ အတည်မပြုနိုင်သေးဘူး ” လို့ ဒီပဲယင်းအနောက်ခြမ်းဒေသခံတဦးက DNA ကိုပြောပါတယ်။
 
ဒါ့အပြင်အဲ့ဒီ့ဘူဒိုဇာနှစ်စီးပါဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ရှောင်ပြည်သူတွေ သွားလာအသုံးပြုနေတဲ့ ဒီပဲယင်းအနောက်ခြမ်း ကြည်ရွာထိပ်က မူးဘောင်လမ်းတွေကို ဖျက်ဆီးထားခဲ့တယ်လို့လဲ သိရပါတယ်။
 
” ကြားထဲမှာ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ခဲ့တယ်ဗျ။ သူတို့ဘက်က အသေအပျောက်များတယ်။ စစ်ကြောင်းမှူးတကောင် ကျတယ်။ဧ ပြီလ ၁ရက်နေ့ညနေပိုင်း အဲ့ဒီအချိန်ပဲ ၅ နာရီကျော် နမခက Mi35 ၁ စီးနဲ့ Mi17 ထောက်ပို့ ၁ စီးနဲ့ပါ ဒုတိယအကြိမ်လာပစ်တယ်။ Mi17 က အင်အားထပ်ချခဲ့တယ် စစ်ကြောင်းမှူးအလောင်းကို ပြန်သယ်သွားတယ် နမခကို ” လို့ People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ အမေ့သား က ပြောပါတယ်။
 
ဒီပဲယင်းအနောက်ခြမ်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ အကျအဆုံးရှိနေသလို ပြည်သူ့ကာကွယ်ရေးတပ်တွေကို လေကြောင်းနဲ့ တိုက်ခိုက်တာတွေ ဆက်တိုက်ဆိုသလို ရှိလာတယ်လို့လဲ သိရပြီးတော့ ဆက်လက်တိုက်ပွဲပြင်းထန်လာနိုင်တယ်လို့လည်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖက်က ပြောပါတယ်။
 
အဲ့ဒီစစ်ကြောင်းဟာ ဒီပဲယင်း ကနေ ရေဦး နဲ့ တန့်ဆည်နယ်တွေအထိ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်တဲ့အတွက် အဲ့ဒီနယ်တဝိုက်က ပြည်သူတွေအနေနဲ့ ကြိုတင်ရှောင်တိမ်းပြင်ဆင်ကြဖို့လည်း ပြည်သူ့ကာကွယ်ရေးတပ်တွေဖက်က သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
 
မတ်လ ၂၆ ရက်နေ့ကစလို့ ဒီကနေ့အချိန်အထိ ဒီပဲယင်းအနောက်ခြမ်းက ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံပြည်သူ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပြီးတော့ စားရေရိက္ခာတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း စစ်ရှောင်ကူညီပေးနေသူတွေရဲ့ပြောကြားချက်အရ သိရပါတယ်။ 
ဓာတ်ပုံ – CJ
ပုံစာ – ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်များ ဒီပဲယင်းအနောက်ဖက်ခြမ်းကျေးရွာများရှိ စပါးကျီများအား မီးတင်ရှို့ခဲ့စဥ် (ပုံဟောင်း)​