မတ် ၊ ၂၄
မကွေးတိုင်း ၊ရေစကြိုမြို့နယ်အခြေစိုက်ထား စစ်ကောင်စီရဲ့ စစ်ကြောင်းအဖွဲ့ မနေ့က နေ့ခင်းပိုင်းမှာ အလစ်အငိုက် အနီးကပ်ပစ်ခတ်ခံရလို့ ၅ ဦးသေဆုံးသွားတယ်လို့ ရေစကြို ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ)တာဝန်ရှိသူ တဦးကပြောပါတယ်။
မနေ့က မတ်လ ၂၃ ရက်၊နေ့ခင်းပိုင်းမှာ ရေစကြိုမြို့နယ် ၊သမန္တပို့ရွာ (အလယ်ရွာ) အကူးလမ်းပိုင်း တနေရာမှာ စစ်အုပ်စုရဲ့ ရှေ့ပြေးအနေနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်သား ၅ ဦးကို ပကဖတွေက မီတာ ၅၀ အကွာလောက်ကနေ အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” အဲဒီ ၅ ယောက်က အရှေ့ကနေ ခြေလျင် ကျွံ့ဝင်လာတာပေါ့။ သူတို့ အလစ်အငိုက်စောင့်ပြီး ဦးအောင် ဝိုင်းပစ်ခတ်ခဲ့တာပါ။ သေသွားတာကကျနော်တို့ မျက်မြင်ပါဗျ ။အပေါ်ကနေ ဒရုန်းနဲ့ ကင်းထောက်ထားတဲ့အထဲမှာလည်း မြင်လိုက်ရတယ် ” လို့ သူကပြောပါတယ်။
ရေစကြိုမြို့နယ် ၊တောင်အိုတာတိုင်ကျေးရွာကို စစ်အုပ်စုက မနေ့က မနက်အစောပိုင်းက စတင်ဝင်ရောက်ခဲ့တာပါ။ အဲဒီနောက် ရွာချင်းကပ်လျက်ရှိတဲ့ သမန္တပို့ကျေးရွာဘက်သို့ခွဲထက်လာတဲ့ အချိန်အခုလို တိုက်ခိုက်ခံရတာလို့ သိရပါတယ်။
ရေစကြို ပကဖက ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းတွေအရ အကာအကွယ် ကောင်းကောင်းမှာ အသင့်နေရာယူထားတဲ့ ကာကွယ်ရေး အဖွဲ့တွေက စစ်အုပ်စုကို အနီးကပ်စောင့်ပြီး မောင်းပြန်သေနတ်တွေနဲ့ ဝိုင်းဝန်းပစ်ခတ်နေတာကို မြင်တွေ့ရပါတယ်။
အင်အား ၃၀ လောက်ပါတဲ့ စစ်အုပ်စုနဲ့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ မိနစ် ၃၀ လောက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်အုပ်စုကထိခိုက်ဒဏ်ရာရသူတွေကို အနီးနားရှိ ညောင်စောက်ဘုန်းကြီးကျောင်းထဲကို သယ်ယူပြီး ဆေးကုသပေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲဒီစစ်ကြောင်းက ရေစကြိုနယ် အနီးကရွာတွေကို စစ်ကြောင်းထိုးရင် ပြည်သူတွေပစ္စည်းတွေကို လုယူနေတဲ့ကောင်တွေပါ။ မနေ့ကတိုက်ခိုက်ခံရပြီး ဒီကနေ့တော့ ရေစကြိုမြို့ထဲ ပြန်ဝင်သွားတယ် ” လို့ ဒေသခံ တဦးကပြောပါတယ်။
ရေစကြိုမြို့မှာစစ်အုပ်စုက ဒေသကာကွယ်ရေးတပ်စခန်းတခုကို ပြီးခဲ့တဲ့မတ်လ ၂၁ရက်က ဝင်စီးခဲ့လို့အကျအဆုံးမရှိပေမယ့်လက်လုပ်ပခုံးထမ်းလောင်ချာနှစ်လက်၊လက်လုပ်RPGတလက်နဲ့ခဲယမ်းတွေဆုံးရှုံးခဲ့ပါတယ်။
ဒါ့အပြင် စစ်အုပ်စုတပ်တွေနဲ့ဒေသကာကွယ်ရေးတပ်တွေမတ်လ၁၆ရက်ကနေ ၁၉ရက်အထိတိုက်ပွဲဖြစ်ပွါးလို့စစ်အုပ်စုကခြောက်ဦးသေပြီးဒေသကာကွယ်ရေးတပ်ဖွဲ့ကနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။