ခင်ဦး NLD အမတ်ရဲ့ ဇနီးနဲ့သမီးဖြစ်သူအလုပ်ကြမ်းနဲ့ထောင်သုံးနှစ်စီချမှတ်ခံရ

မတ်၊ ၂၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းအောင်ရဲ့ ဇနီးနဲ့သမီးဖြစ်သူကိုစစ်ကောင်စီက မတ်လ ၂၁ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံး နှစ်စီ ချမှတ်လိုက်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ကိုသာစစ်လင်းကပြောပါတယ်။

 “ဖမ်းခံရပြီးတဲ့သူတွေကဖေဖော်ဝါရီလကုန်ပြီးတော့မတ်လထဲမှာရဲစခန်းကိုရောက်သွားကြတယ်၊အခုလဲထောင် ဒဏ်သာချလိုက်တာရဲစခန်းမှာပဲရှိသေးတာ၊ရွှေဘိုထောင်ကိုမပို့ရသေးဘူး”လို့သူကပြောပါတယ်။

ဒေါက်တာဝင်းအောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်သန်းနု (ခ) ဒေါ်နီလာနဲ့ သမီးဖြစ်သူ ဒေါ်အိနန္ဒာအောင်တို့နှစ်ဦးကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)နဲ့စွဲဆိုခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေချမှတ်လိုက်တာလို့ သိရပါတယ်။

ဒေါက်တာဝင်းအောင်ရဲ့ သမီးအငယ်နဲ့သားမက်ဖြစ်သူတို့ဟာ တော်လှန်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ရက်က ရေဦးမြို့နယ်တနေရာမှာယမ်းကျိုရင်းက ပေါက်ကွဲမှုဖြစ်လို့ သေဆုံးခဲ့ပါတယ်။ အဲ့ဒီဖြစ်စဉ်ဖြစ်ပြီး နောက်တရက်မှာ ခင်ဦးမြို့နယ်က နေအိမ်မှာနေထိုင်တဲ့ ဒေါ်နီလာနဲ့ သမီးအကြီးဖြစ်သူတို့ကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီတပ်တွေဟာဒေါက်တာဝင်းအောင်ရဲ့ဇနီးဖြစ်သူနဲ့သမီးဖြစ်သူတို့ကို စတင်ဖမ်းဆီးချိန်မှာ ခင်ဦးမြို့ ပေါ်ကစစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ ပြည်သူပိုင်နေအိမ်တွေကိုခေါ်ယူစစ်ဆေးပြီး မတ်လဆန်းပိုင်းရောက်မှ ခင်ဦးမြို့မရဲစခန်းကိုပို့ခဲ့တာလို့ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းအပြီး  နှစ်နှစ်ပြည့်ချိန် ဖေဖော်ဝါရီလဆန်းမှာ စစ်အုပ်ချုပ်ရေးကြေညာတဲ့မြို့နယ်တွေထဲ ခင်ဦးမြို့နယ်လည်းပါဝင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့တွင်းက နေအိမ်အဆောက်အအုံတွေမှာ တပ်စွဲနေထိုင်ကာ ဖမ်းဆီးခံရသူတွေကိုလည်း အဲ့ဒီမှာပဲ စစ်ဆေးမေးမြန်းလေ့ရှိတယ်လို့ ဒေသခံတွေကပြော ပါတယ်။

ဒေါက်တာဝင်းအောင်ဟာ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမှာ ခင်ဦးမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပါတယ်။အာဏာသိမ်းပြီးနောက်မှာတော့ လွတ်မြောက်နယ် မြေတနေရာမှာ ရောက်ရှိနေတာလို့ သိရပါတယ်။

 အခုလို မိသားစုဝင်တွေ သေဆုံးတာ၊ဖမ်းဆီးခံရတာတွေကြောင့် ဒေါက်တာဝင်းအောင်ဟာ စိတ်ထိခိုက်နေပြီး နေအိမ်မှာလည်း မသန်စွမ်းသားဖြစ်သူတဦးကျန်နေခဲ့သေးတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေကို ကိုးကားပြီး RFA သတင်းတရပ်မှာဖော်ပြထားပါတယ်။

မိသားစုဝင်တွေ ဖမ်းဆီးခံလိုက်ရပြီးနောက် နေအိမ်မှာ ကျန်နေခဲ့တဲ့ အဲ့ဒီမသန်စွမ်းသားဖြစ်သူကို နီးစပ်ရာက ကြည့်ရှုစောင့်ရှောက်ပေးနေရတယ်လို့ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် မတ်လ ၂၂ ရက် မနေ့ကအထိ စစ်ကောင်စီက ဖမ်းဆီးချုပ်နှောင်ထားသူ (၁၆၉၂၅)ဦးရှိပြီး  (၅၁၆၃) ဦးကို ထောင် ဒဏ်တွေချမှတ်ထားတယ်လို့ သိရပါတယ်။