ပြည်မြို့စစ်ထောက်လှမ်းရေးရုံးမှာ လက်နက်ခဲယမ်းတွေသယ်ယူနေချိန် ပေါက်ကွဲမှုဖြစ်ပြီး သုံးဦးသေ

မတ်၊ ၁၃

ပဲခူးတိုင်း အနောက်ခြမ်း၊ ပြည်မြို့ မင်းကြီးတောင်ပေါ်ရှိ စစ်တပ်ထောက်လှမ်းရေးရုံးမှာ မတ်လ (၁၂)ရက် မနေ့ ညပိုင်းက လက်နက်ခဲယမ်းတွေ သယ်ဆောင်နေရာချနေချိန် ပေါက်ကွဲမှုဖြစ်လို့ သုံးဦးသေဆုံးပြီး လေးဦး ပြင်းထန်ဒဏ်ရာတွေ ရခဲ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တခုက DNA ကို ပြောပါတယ်။
ပြည်ဘက်ခြမ်း နဝဒေးတံတားအနီး စစ်တပ်အခြေစိုက်ရာ မင်းကြီးတောင်ပေါ်က ထောက်လှမ်းရေးရုံးကို စစ်ကောင်စီ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံက လာပို့တဲ့ ခဲယမ်းတွေ သယ်ယူနေရာချနေချိန်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာလို့ သိရပါတယ်။
“ကပစ ကဖောက်ခွဲရေးပစ္စည်းတွေ လာပို့လို့ ကားပေါ်ကနေ အခန်းထဲ ပို့နေကျတာ၊ တပ်သားတွေလည်း များတယ်၊ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်နေကြတာ၊ အထဲမှာ နေရာချပြီးသားဗုံးထပေါက်တာ၊ အပြင်ကလူတွေတော့ ကံကောင်းသွားတယ်၊ အထဲကလူတွေ အကုန်ထိတာ ဆေးရုံပို့ထားတဲ့သူတွေလည်း အခြေအနေမကောင်းဘူး၊ ဒဏ်ရာတွေများတယ်လို့” ယုံကြည်ရတဲ့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့သလို ဒဏ်ရာရသူ လေးဦးကိုတော့ ရွှေတောင်မြို့က ကုတင်တရာစစ်ဆေးရုံမှာ တင်ပို့ကုသနေပြီး စိုးရိမ်ရတယ်လို့ သူက ပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ပါဆယ်ဗုံး ပေါက်ကွဲမှု ဖြစ်တယ်လို့ ဝါဒဖြန့် ဖော်ပြဖြန့်ဝေနေကြပါတယ်။
ပြည်မြို့ခံတွေကတော့ အခုပေါက်ကွဲမှုဖြစ်ခဲ့တဲ့ စစ်တပ်နေရာဟာ အာဏာသိမ်းပြီးကတည်းက မြို့ခံတွေအပြင် တောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတွေကိုပါ အဝင်အထွက် တင်းကျပ်ထားတဲ့ နေရာဖြစ်ပြီး လူနေရပ်ကွက်တွေနဲ့လည်း ဝေးတယ်လို့ ပြောပြပါတယ်။
“တောင်ပေါ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေတောင် အဝင်အထွက်ကို တင်းကြပ်ထားတယ်၊ အလှူရှင်တောင် လာလို့မရဘူး ဂိတ်ပေါက်တွေကလည်း လုံခြုံရေးတင်းကြပ်ထားတယ်၊ အရင်က ဖြတ်သွားဖြတ်လာလုပ်လို့ရတယ် အခုက အာဏာသိမ်းပြီးထဲက ပိတ်ထားတာ၊ စစ်တပ်ပိုင်ဂေါက်ကွင်းတောင် ရာထူးကြီးတဲ့သူတွေပဲ ဝင်ထွက်လို့ရတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဓာတ်ပုံ – Social Media