မြင်းမူနယ်လက္ကပင်ရွာစီးနင်းခံရမှုအတွင်းပြည်ကြီးတံခွန်သပိတ်ဆရာတော် ဦးအဂ္ဂဝံသဖမ်းဆီးခံရ

မတ်၊ ၁၀

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ် လက္ကပင်ကျေးရွာ ကိုစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းချိန်က ပြည်ကြီးတံခွန်သပိတ်ဆရာတော် ဦးအဂ္ဂဝံသနဲ့အမျိုး သားနှစ်ဦး ဖမ်းဆီးခံရပြီး လူ၁၃ဦးကိုတော့သတ် ဖြတ်အလောင်းဖျောက်ဖျက်သွားတယ်လို့ အဲ့ဒီရွာ ပကဖ ခေါင်းဆောင်က DNA ကိုပြောပါတယ်။

ပြည်ကြီးတံခွန်သပိတ်ဆရာတော်ဟာမန္တလေးမြို့မှာပုဒ်မ၅၀၅နဲ့အမှုဖွင့်ခံထားရပြီးနောက်လက္ကပင်ကျေး ရွာကဘုန်းကြီးကျောင်းမှာလာရောက်တိမ်းရှောင်နေတာဖြစ်တယ်လို့သိရပါတယ်။

ဒါ့အပြင်လက္ကပင်ကျေးရွာကဒေသကာကွယ်ရေးတပ်ဖွဲ့တွေကိုတတ်နိုင်တဲ့ဘက်ကနေကူညီထောက်ပံ့ပေးနေတယ်လို့လည်းလက္ကပင်ကျေးရွာကဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

“တာတိုင်ကျေးရွာမှာအစုလိုက်အပြုံလိုက်သတ်သွားတဲ့တပ်မ၉၉က စစ်ကောင်စီတပ်တွေက ဆရာ တော်အပါအဝင်လူနှစ်ယောက်ကိုဖမ်းခေါ်သွားတယ်၊ ပကဖက ဒုခေါင်းဆောင်လဲပါတယ်ကြားတယ် သဲသဲကွဲကွဲတော့မသိရဘူး “လို့ လက္ကပင်ကျေးရွာကပကဖခေါင်းဆောင်ကပြောပါတယ်။ 

ဆရာတော်အပါအဝင်စစ်ကောင်စီတပ်တွေဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသားနှစ်ဦးကို ဘယ်မှာချုပ်နှောင်ထားတယ်ဆိုတာတော့မသိရသေးပါဘူး။

ဆရာတော်ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ မန္တလေးသပိတ်အင်အားစုဝင်တဦးကလည်းအတည်ပြုပါတယ်။

“စိတ်မကောင်းအရမ်းဖြစ်ရပါတယ်ရှင်၊ ပြည်ကြီးတံခွန် သပိတ်ကို လည်း ပျက်ကွက်ရက်မရှိပဲ ထွက်နိုင်ခဲ့သလို တဖက်မှာလည်း စစ်ရှောင်တွေကိုလည်း နိုင်တဲ့ အားနဲ့ အားတတ်သရော ကူညီပေးတဲ့ ဆရာ တော် ဖြစ်ပါတယ်”လို့ မန္တလေးသပိတ်အင်အားစုဝင်ကပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ပြည်ကြီးတံခွန်ဆ ရာတော်နဲ့အတူဘုန်းကြီးကျောင်းမှာတိမ်းရှောင်နေတဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးကိုလဲပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင်စစ်ရှောင်ပြည်သူသုံးဦးကိုလည်းသတ်ဖြတ်ပြီးဧရာဝတီမြစ်ထဲမျှောကာအလောင်းဖျောက်ဖျက်ခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။