စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေခြောက်လအတွင်း နယ်မြေကနေထွက်ခွာဖို့ TNLA အသိပေး

မတ်၊ ၈

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)ထိန်းချုပ်နယ်မြေတွေထဲက စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းတွေအနေနဲ့ ခြောက်လအတွင်း CDM ဝင်ဖို့နဲ့ CDMမဝင်ရင် နယ်မြေထဲကနေ ထွက်ခွာဖို့ TNLA က ပထမ ဆုံးအကြိမ်အဖြစ် သတိပေးထုတ်ပြန်လိုက်ပါတယ်။

အခုရက်ပိုင်းအတွင် ထုတ်ပြန်လိုက်တဲ့ အဲ့ဒီထုတ်ပြန်ချက်ဟာ လက်ရှိလူမှုကွန်ရက်မှာပျံ့နှံ့နေပြီး TNLA သတင်းနဲ့ ပြန်ကြားရေးဌာန တာဝန်ရှိသူကတော့ ဒီထုတ်ပြန်ချက်ဟာ TNLA လက်အောက်ခံ အုပ်ချုပ်ရေးဌာနတွေဆီ ဖြန့် ဝေတဲ့ ညွှန်ကြားချက်ဖြစ်တယ်လို့ DNA ကိုပြောပါတယ်။

TNLA လက်အောက်ခံ အုပ်ချုပ်ရေးဌာနတွေကနေ ထိန်းချုပ်နယ်မြေအသီးသီးထဲ ရှိနေတဲ့ NON-CDM ဝန်ထမ်း တွေကို ခြောက်လအတွင်း CDM ဝင်ဖို့နဲ့ CDM မဝင် လိုရင် နယ်မြေထဲကနေ ထွက်ခွာရမယ်ဆိုတဲ့အကြောင်း အသိပေးဖို့ ညွှန်ကြားစာထုတ်တာဖြစ်တယ်လို့သူကပြောပါတယ်။

“အုပ်ချုပ်ရေးဌာန ခရိုင်၊မြို့နယ် တိုက်နယ်အဖွဲ့အစည်းကိုညွန်ကြားတဲ့စာဖြစ်တယ်”လို့ TNLA သတင်းနဲ့ပြန်ကြား ရေးဌာန တာဝန်ရှိသူကဆိုပါတယ်။

နိုင်ငံတဝန်းထိန်းချုပ်နယ်မြေတွေပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက CDM ဝန်ထမ်း တွေကို သတိပေးတဲ့ ထုတ်ပြန်ချက်တွေထုတ်ပြန်ထားပေမယ့် TNLA အနေနဲ့တော့ အခုတကြိမ်မှာပထမဆုံး အကြိမ် ညွှန်ကြားချက်ထုတ်ပြန်တာဖြစ်တယ်လို့ သူကအတည်ပြုပါတယ်။

အဲ့ဒီညွှန်ကြားချက်အရ TNLA ထိန်းချုပ်နယ်မြေတွေထဲက စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ အခု နှစ် ဖေဖော်ဝါရီကနေ ဩဂုတ်လအတွင်း CDM ဝင်တာ၊ဒါမှမဟုတ် နယ်မြေထဲက ထွက်ခွာတာ လုပ်ရမှာ ဖြစ်ပါ တယ်။

အဲ့ဒီလို မလုပ်ရင် အရေးယူမယ်လို့ TNLA ရဲ့ စာထဲဖော်ပြထားပေမယ့် ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ အ ချိန်တခုမှာ ပြောမယ်လို့ TNLA တာဝန်ရှိသူကဆိုပါတယ်။

TNLA အုပ်ချုပ်မှုနယ်မြေအတွင်း မြို့ပေါ်တွေမှာသာ Non – CDM တွေရှိနေတာဖြစ်ပြီး ကျေးရွာဘက် တွေကတော့ မရှိသလောက်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်နဲ့ မန်တုံဒေသတွေမှာ ဗဟိုဌာနချုပ် အခြေစိုက်တဲ့ TNLA တပ်ဖွဲ့ဟာ ကျောက် မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်နဲ့ မိုးကုတ်မြို့နယ်တွေမှာ ထိန်းချုပ်နယ်မြေ တွေရှိနေတယ်လို့ သုတေသနအဖွဲ့အစည်းတခုဖြစ်တဲ့ ISP Myanmarရဲ့ မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ NUG အစိုးရနဲ့ပူးပေါင်းပြီး လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုတွေမှာ ပါဝင် နေတဲ့ KIA၊KNU စတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်း အဖွဲ့အစည်းတွေမှာ ဆက်လက်တာဝန် ထမ်းဆောင် နေတဲ့ NON-CDM ဝန်ထမ်းတွေကို CDM ဝင်ဖို့နဲ့ နယ် မြေထဲက ထွက်ခွာကြဖို့ အသိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ထားပါတယ်။

ပုံစာ- နမ္မတူမြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးမှုလုပ်နေတဲ့ TNLA တပ်ဖွဲ့ဝင်များ