မတ်၊ ၆
ပီအက်စ်ဂျီ အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင်အဖြစ် ကိုင်လီယန် အမ်ဘက်ပီက စံချိန် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နန့်တေးစ် အသင်းကို ၄-၂ နဲ့ အနိုင်ရတဲ့ ပြင်သစ် လီဂူးဝမ်း ပွဲစဉ်မှာ အမ်ဘက်ပီက ပီအက်စ်ဂျီအတွက် သူ့ရဲ့ ၂၀၁ လုံးမြောက် သွင်းဂိုးကို ရယူပေးခဲ့ပါတယ်။ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးဟာ ပါရီမြို့တော် အခြေစိုက် ဘောလုံးကလပ်အတွက် စတုတ္ထဂိုးကို နာကျင် အချိန်ပို နောက်ဆုံးမိနစ်ပိုင်းမှာ ရယူပေးနိုင်ခဲ့တာပါ။
ကွင်းလယ်ဒိုင်က ပွဲပြီးကြောင်း အချက်ပေးဝီစီ မှုတ်လိုက်ပြီး မကြာခင်မှာပဲ ပီအက်စ်ဂျီရဲ့ ပက်ဒက်စ်ပရင့်စ် ကွင်းကြီးထဲမှာ အမ်ဘက်ပီရဲ့ ပုံတူကို ပြသထားခဲ့ပါတယ်။ အမ်ဘက်ပီဟာ အခုအခါမှာတော့ ဥရုဂွေး တိုက်စစ်မှူး အီဒင်ဆန် ကာဗာနီကို ကျော်တက်ပြီး ပီအက်စ်ဂျီရဲ့ ဂိုးသွင်း အများဆုံး စံချိန်ရှင် ဖြစ်လာခဲ့ပါပြီ။
ဒီအသင်းမှာ ရှိနေတာက ကျေနပ်စရာ ကောင်းကြောင်း၊ ပီအက်စ်ဂျီနဲ့ ပတ်သက်လို့ နောက်ဆုံးအကြိမ် ပရိသတ်တွေဆီ အသိပေး ကြေညာခဲ့တုန်းက သူအသင်းမှာ ဆက်ရှိမယ် ဆိုတာကို အတည်ပြုဖို့ ဖြစ်ခဲ့ကြောင်း (အသင်းနဲ့ စာချုပ် သက်တမ်း တိုးနိုင်ခဲ့တာကို ရည်ညွှန်းခြင်းဖြစ်)၊ အခုတော့ အသင်းရဲ့ ဂိုးသွင်းအများဆုံး စံချိန် မှတ်တမ်းကိုပါ ရရှိလာလို့ အရမ်း ဂုဏ်ယူမိကြောင်း အမ်ဘက်ပီက ဆိုပါတယ်။
အသက် ၂၄ နှစ်သာ ရှိသေးတဲ့ အမ်ဘက်ပီဟာ ကာဗာနီရဲ့ စံချိန်ကို ပွဲအရေအတွက် အတော်လျော့အောင် ကစားပြီး ချိုးဖျက်ခဲ့တာပါ။ ကာဗာနီဟာ ပီအက်စ်ဂျီမှာ ဂိုး ၂၀၀ သွင်းဖို့ ၃၀၁ ပွဲ ကစားခဲ့ရပေမယ့် အမ်ဘက်ပီကတော့ ၂၄၇ ပွဲပဲ ကစားပြီး ၂၀၁ ဂိုးထိ ရရှိနိုင်ခဲ့ပါတယ်။
သူဟာ ၂၀၁၇ ခုနှစ်တုန်းက ပြည်တွင်းပြိုင်ဘက် မိုနာကိုကနေ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ခဲ့တာပါ။ အဲဒီတုန်းက ပီအက်စ်ဂျီဟာ ဆယ်ကျော်သက်အရွယ် ကစားသမား တဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၈၀ ထိ ပေးချေပြီး အမ်ဘက်ပီကို ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
Ref: ESPN