ပဲခူးရိုးမထဲစစ်ကြောင်းထိုးရာက စစ်ကားမှောက်လို့ အရာရှိနှစ်ဦးအပါအဝင်ခြောက်ဦးသေ

မတ်၊ ၃

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ပဲခူးရိုးမထဲစစ်ကြောင်းထိုးဖို့လာရင်း စစ်ကားတိမ်းမှောက်ရာက ဗိုလ်မှူးတဦးအပါအ ဝင်ငါးဦးနေရာမှာပဲ သေဆုံးခဲ့သလို ဖြစ်စဉ်မှာ ပြင်းထန်ဒဏ်ရာရခဲ့တဲ့ ဗိုလ်ကြီးတဦး ဒီကနေ့ထပ်မံသေဆုံးသွားလို့ စုစုပေါင်းသေဆုံးသူ ခြောက်ဦးရှိသွားပြီလို့ ပဲခူးတိုင်းအခြေစိုက် စစ်ကောင်စီတပ်တွင်းသတင်းရင်းမြစ်တခုက DNA ကို ပြောပါတယ်။

ပဲခူးရိုးမထဲ စစ်ကြောင်းထိုးဖို့ လာတဲ့ စစ်ကောင်စီယာဉ်တန်းထဲက ကားတစီးဟာ မတ်လ ၁ရက်က သာယာဝတီ ခရိုင်၊မင်းလှ-မြို့ချောင်းလမ်း ခါချဉ်တောင်ကိုတက်ချိန်မှာ တိမ်းမှောက်ခဲ့လို့ ငါးဦးပွဲချင်းပြီးသေဆုံးပြီး (၁၅)ဦး ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အဲ့ဒီဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်တဲ့ ဗိုလ်ကြီးနေမျိုးဆိုသူ ဒီကနေ့မှာ ထပ်မံသေဆုံးသွားတာဖြစ် တယ် လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

“ကားပိတာ တကိုယ်လုံးဒဏ်ရာဒဏ်ချက်တွေ ပွနေတာ၊ ဆေးရုံရောက်ထဲက အရေးပေါ်အခြေအနေနဲ့ အောက်စီ ဂျင်ပေးထားရတယ်၊ ခွဲခန်းတောင်မဝင်လိုက်ရဘူး ဆုံးသွားပြီ”လို့သူကပြောပါတယ်။

 သေဆုံးသွားတဲ့  ဗိုလ်ကြီးနေမျိုးဆိုသူဟာ အသက်လေးဆယ်ဝန်းကျင်အရွယ်ရှိကာ စစ်တက္ကသိုလ် အပတ် စဉ် (၄၇)ကဖြစ်ပြီး ရွှေတောင်မြို့ ကုတင်(၁၀၀)စစ်ဆေးရုံမှာ ကုသမှုခံယူနေစဉ် ဒီကနေ့မနက်ပိုင်းက သေဆုံးသွား တာဖြစ်တယ်လို့သိရပါတယ်။

တိမ်းမှောက်သွားတဲ့ကားအပါအဝင် မတ် ၁ရက်က စစ်ကောင်စီယာဉ်တန်းစစ်ကားသုံးစီး အင်အား ငါးဆယ်ဝန်း ကျင်နဲ့ စစ်ကြောင်းထိုးဖို့ ထွက်လာတာဖြစ်တယ်လို့သိရပါတယ်။ကားတစီးတိမ်းမှောက်မှုဖြစ်ခဲ့ပေမယ့် စစ် ကောင် စီက စစ်ကားစုစုပေါင်း ခုနစ်စီးနဲ့ ပဲခူးရိုးမထဲ ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။

 ပဲခူးတိုင်းအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားမှုရှိသလို KNU ထိန်း ချုပ် နယ်မြေတွေလည်း ရှိပြီး အာဏာသိမ်းပြီးနောက် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေနဲ့ စစ်ကောင်စီစစ်ကြောင်းတွေ တိုက် ခိုက်ခံရတာတွေမကြာမကြာဖြစ်လေ့ရှိပါတယ်။

စစ်ကောင်စီဘက်ကလည်း နယ်မြေစိုးမိုးမှုရရေးအတွက် ပဲခူးရိုးမထဲ မကြာမကြာစစ်ကြောင်းထိုးလေ့ရှိပါတယ်။