စစ်ကောင်စီက ရခိုင်စစ်ရှောင်တွေကို မိုင်းရှင်းမပေးဘဲ နေရပ်အတင်းပြန်ပို့

မတ်၊ ၃

 ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်တွေကို စားနပ်ရိက္ခာဖြတ်တောက်ထားခဲ့ပြီး နေရပ်ပြန်ဖို့ ဖိအား ပေးနေခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ဒီကနေ့ကစလို့ စစ်ရှောင်တွေကို နေရပ် အတင်းအဓမ္မစတင် ပို့ ဆောင် နေပြီ လို့ စစ်ရှောင်တွေကDNA ကို ပြောပါတယ်။

စစ်ဘေးရှောင်အိမ်ထောင်စု တရာကျော် နေထိုင်တဲ့ ပုဏ္ဏာကျွန်းမြို့နယ် စက်မှုဇုန်စစ်ရှောင်စခန်းက ဒုက္ခသည်အ ကုန်လုံးကို ဒီကနေ့ မတ်လ ၃ ရက်မှာ စစ်ကောင်စီလက်အောက်ခံတွေက ကားတွေနဲ့ နေရပ်သို့ ပို့ဆောင်ပေးခဲ တာ‌ဖြစ်ပါတယ်။

 “မိုင်းရှင်းပေးဖို့ တောင်းဆိုထားကြတယ်၊သူတို့လည်း လုပ်ပေးမယ်ပြောတယ်၊ဒါပေမယ့် အခု အကုန်လုံး ပြန်ကြရ ပြီ၊ဘာမှလုပ်မပေးဘူး၊ရွာမှာ အိမ်တွေလည်း မရှိတော့ဘူး၊ဘယ်မှာသွားနေရမလဲ၊ မိုင်းတွေကလည်း ရှိသေးတော့ ဘာတွေ လုပ်စားရမလဲတောင် မသိသေးဘူး”လို့ စက်မှုဇုန်စစ်ရှောင်စခန်းက အမည်မ ဖော်လိုတဲ့ စစ်ဘေးရှောင် ဒုက္ခ သည်တဦးက ပြောပါတယ်။

 ရွာအနီးမှာ မြေမြှပ်မိုင်းတွေ ရှိနေသလို စစ်ကောင်စီတပ်သားတွေလည်း စခန်းချနေထိုင်နေကြသေးတဲ့အတွက် ပိုပြီးတော့ စိုးရိမ်ကြရတယ်လို့လည်း အဲဒီစစ်ရှောင်တွေက ပြောကြပါတယ်။

“ရွာနားက တောင်မှာ စစ်သားတွေ နေတယ်၊ကယ်ဆယ်ရေးစခန်းမှာ နေရတဲ့သူတွေက မရှိဆင်းရဲသားတွေဆို တော့ ချောင်းနားမှာ ငါးရှားလိုက်၊ ထင်းခုတ်လိုက် အဲလို လက်ပေါက်လုပ်စားကြရတာ၊ရွာမှာ စစ်သားကလည်း ရှိ၊ မိုင်းကလည်း ရှိတော့ အဲဒါ အခက်အခဲပါ”လို့ နောက်ထပ် စစ်ရှောင်တဦးကလည်း ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စက်မှုဇုန်စစ်ရှောင်စခန်းက ဒုက္ခသည်တွေကိုဒီကနေ့မှာ နေရပ်အတင်းအဓမ္မ ပြန်ပို့ လိုက်သလို စစ်ရှောင်စခန်းမှာကျန်နေခဲ့တဲ့ အဆောင်တွေကိုလည်း စက်ယန္တရားတွေနဲ့ တခါတည်းဖျက်ဆီးပစ်ဖို့ စီစဉ်နေ တယ် လို့ ဆိုပါတယ်။

 “ဘတ်ဟိုးတွေ တစ်ခါတည်း ရောက်နေပြီ၊သူတို့ အကုန်ဖျက်ကြမှာ၊ရခိုင်မှာ ကယ်ဆယ်ရေးစခန်းတွေ မရှိတော့ ဘူး၊ဒုက္ခသည်တွေလည်း မရှိဘူးဆိုတာကို ပြချင်တာ‌ဖြစ်မယ်၊သူတို့ ရွေးကောက်ပွဲအတွက် ကျွန်တော်တို့ကို အခက်အခဲဖြစ်အောင် လုပ်တာ”လို့ အဲဒီစခန်းက စစ်ရှောင်တဦးက ပြောပါတယ်။

ပုဏ္ဏာကျွန်းမြို့နယ် စက်မှုဇုန်စစ်ရှောင်စခန်းအပြင် ကျောက်တော်၊ ရသ့တောင်၊ ဘူးသီးတောင်၊ မင်းပြားမြို့နယ် တွေမှာ ရှိတဲ့ စစ်ရှောင်တွေကိုလည်း ဒီပွင့်လင်းရာသီအတွင်း နေရပ်ပြန်ပို့သွားမယ်လို့ အာဏာ သိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပြောခွင့်ရသူက မီဒီယာတွေကို ပြောဆိုထားပါတယ်။

“ကျွန်တော်တို့ကိုလည်း သိပ်မကြာဘူး ပြန်ပို့မယ်ကြားနေတယ်၊အဲဒီအခါကျရင် ဘယ်မှာ သွားနေရမလဲ မသိဘူး။ ရွာကို ပြန်လို့က မရသေးဘူးလေ၊စစ်သားတွေလည်း ရှိနေတယ်၊တရွာလုံးလည်း ပျက်သွားပြီ”လို့ ကျောက်တော် မြို့နယ်မှာ ခိုလှုံနေတဲ့ ပလက်၀မြို့နယ်က စစ်ရှောင်တဦးက ပြောပါတယ်။

 ရခိုင့်တပ်တော်(AA) ပြောခွင့်ရ ခိုင်သုခကလည်း နေရပ်ပြန်ဖို့ အဆင်မပြေသေးတဲ့ စစ်ရှောင်တွေကို နေရပ် အ တင်းပြန်ပို့နေတာဟာ ဒုက္ခသည်တွေကို ဒုက္ခပိုရောက်အောင် လုပ်နေတာဖြစ်တယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ်အတွင်းမှ စစ်ရှောင်တွေကို ရိက္ခာ ဖြတ်တောက်ထားခဲ့တာဖြစ်ပြီး နေရပ်ပြန်ဖို့လည်း ဖိအားပေးနေခဲ့တာပါ။ အခု၂၀၂၃ ဖေဖော်ဝါရီလဆန်း မှာတော့ စစ်ကောင်စီရဲ့ ပြည်ထောင်စုဝန်ကြီးတွေ ရခိုင်ပြည်နယ်ကို ရောက်လာပြီး စစ်ရှောင်စခန်းတွေဆီ သွား ရောက်ကာ နေရပ်ပြန်ကြဖို့ ဖိအားပေးပြောဆိုတာတွေလုပ်ခဲ့တယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။