အမှိုက်ပုံကထွက်တဲ့ မီးခိုးကြောင့် ရေကြည်မြို့ခံတွေ အခက်အခဲဖြစ်

မတ်၊ ၂

ဧရာဝတီတိုင်း ၊ ရေကြည်မြို့ ၊ မြို့ပတ်လမ်းဘေးက တစ်ဧက နီးပါးရှိ  အမှိုက်ပုံဟောင်းကနေ ထွက်နေတဲ့ မီးခိုးနဲ့ ပလက်စတစ်ညှော်နံ့ကြောင့် မြို့ပေါ်မှာနေထိုင်သူတွေအနေနဲ့  အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေ ရှိနေတယ်လို့ သိရပါတယ် ။

 “ကျနော့် မိန်းမဆို မျက်စိခွဲထားတာ။ ညှော်နံ့ကြောင့် အပြင်‌တောင် မထွက်ရဲဘူး။ ကျနော်လည်း ညက အသက်ရှုတွေကြပ်ပြီး အိပ်မရဘူး။” လို့ မြို့ခံတစ်ဦးက ပြောပါတယ် ။

 မြို့ပတ်လမ်း ရေကြည်အရန်မီးသတ်ဘေးမှာ ရှိတဲ့  အမှိုက်ပုံ‌ဟောင်း မီးလောင်ကျွမ်းနေခဲ့တာ တစ်လနီးပါး ကြာပြီဖြစ်ပြီး  မီးခိုးနဲ့ ညှော်နံ့တွေက  မြို့အနှံ့ ပျံ့နှံ့နေတာလို့ မြို့ပတ်လမ်းအနီး နေထိုင်သူတဦးက ပြောပါတယ် ။ အခုလို အမှိုက်ပုံ မီးလောင်ကျွမ်းတာကိုလည်း အာဏာပိုင်တွေ ကိုယ်တိုင်ရှို့တာလို့ ဒေသခံတွေက ယူဆနေကြပါတယ် ။

 “သူတို့ (ဌာနဆိုင်ရာဘက်က) ပြောတာတော့ တို့မီးလို့ပြောတာပဲ။ ဒါပေမဲ့ သူတို့ကိုယ်တိုင် ရှို့တာဖြစ်ဖို့များတယ်”လို့ မြို့ခံတဦးက ပြောပါတယ် ။

“ဘယ်သူက လာရှို့မှန်းမသိဘူးလို့ ဌာနဆိုင်ရာက အကြောင်းပြပေမယ့် သေချာတယ် သူတို့ကိုယ်တိုင်ပဲ ရှို့တာ ။ ဘာလို့ဆို ဘတ်ဖိုးနဲ့ လာတယ် ။ အနီးအနားက လူတွေက လာညိမ်းပေးတယ် မှတ်လို့ ပျော်ကြတယ်ဗျာ ။ တကယ်က အမှိုက်တွေကို ထပ်ဖွသွားတာ ၊ ညိမ်းချင်ရင် ဒီထက်ကောင်းတဲ့ နည်းလမ်းလုပ်လို့ရတာပဲ မဟုတ်လား”လို့ မြို့ခံလူငယ်တဦးက သူ့အမြင်ကို ပြောပါတယ် ။

 စစ်အာဏာာသိမ်းပြီးနောက် အဲဒီအမှိုက်ပုံဟောင်းနေရာမှာ စည်ပင်ဝန်ထမ်းအိမ်ရာ တည်ဆောက်ဖို့ အာဏာပိုင်တွေက  စီစဉ်နေကြပြီး မြို့ရဲ့ ချောင်းတစ်ဖက်ကမ်းမှာ အမှိုက်ပုံအသစ်တည်ထားပြီး အမှိုက်ပုံဟောင်းကို အခုလို မီးရှို့တာလို့ ဒေသခံတွေက ကောက်ချက်ဆွဲကြတာပါ ။

လက်ရှိအချိန်မှာတော့ အမှိုက်ပုံက ထွက်တဲ့ မီးခိုးတွေကြောင့် အမှိုက်ပုံအနီးအနား ဝန်းကျင်မှာတင်မက ရေကြည်မြို့ပေါ် ရပ်ကွက်အချို့က ဒေသခံတွေအနေနဲ့ လေထုညစ်ညမ်းမှုကို သိသိသာသာ ခံစားနေရတယ်လို့ ဆိုပါတယ် ။