အရာတော်မှာဆေးရုံနဲ့စာသင်ကျောင်းကို လေကြောင်းကတိုက်ခိုက်၊ ဒေသခံ တသောင်းကျော် စစ်ရှောင်နေရ

ဖေ‌ဖော်၀ါရီ၊ ၂၆

စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊မလဲသာကျေးရွာကတိုက်နယ်ဆေးရုံနဲ့အထက်တန်းကျောင်းအပါအဝင် ကျေးရွာတွေကို မြေပြင်ကောဝေဟင်ကပါစစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာကြေရွာ၇ရွာက ဒေသခံတသောင်းကျော် စစ်ရှောင်နေရတယ်လို့သိရပါတယ်။

“သူတို့ကဆေးရုံကိုအဓိကထားတိုက်တာ။ဘာသတင်းရလို့လဲတော့မသိဘူး။ကြိုသတင်းရလို့ ရှောင်လိုက်နိုင်လို့။ပြည်သူထိခိုက်တာတော့မရှိဘူး ။အရင်တရက်ဖေဖော်ဝါရီ၂၂ရက်ကမင်းရွာမှာလေကြောင်းတိုက်ခိုက်တာ ။ပြီးတော့မလဲသာကိုလေကြောင်းတိုက်ခိုက်တာ ။တောင်ပိုင်းကရွာ၇ရွာကဒေသခံ၁၀၀၀၀ကျော်စစ်ရှောင်နေရတယ်”လို့အရာတော်ပိုစ့်ကကိုမောင်မောင်ကပြောပါတယ်။

စစ်ကောင်စီဟာ အရာတော်၊ဝက်လက်နဲ့ရွှေဘိုမြို့တွေကိုဒီလ ၂၂ရက်ကစစ်အုပ်ချုပ်ရေးကြေညာပြီးနောက်တရက်ကစပြီးလေကြောင်းနဲ့သာမက မြေပြင်ကပါတိုက်ခိုက်နေတာပါ။

စစ်ကောင်စီတပ်တွေကမလဲသာတိုက်နယ်ဆေးရုံနဲ့စာသင်ကျောင်းကိုအဓိကထားတိုက်ခိုက်ခဲ့တဲ့အတွက် အဆောက်အအုံပျက်စီးပြီးဆေး​တွေမီးရှို့ခံရတယ်လို့ လည်းပြောပါတယ်။ 

သခွပ်ပင်ရွာ ၊မင်းရွာ ၊မလဲသာ၊ ကန်ရင်း၊ညောင်ပင်စတဲ့ကျေးရွာတွေနဲ့အနီးပါတ်ဝန်းကျင်ကကျေးရွာတွေစစ်ရှောင်နေရတယ်လို့သိရပါတယ်။

နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အရာတော်တောင်ပိုင်းကဒေသခံတွေဟာဒီကနေ့အထိစစ်ရှောင်နေရပါတယ်။

စစ်ရှောင်တွေအနေနဲ့ ရာသီဥတုအေးတဲ့ဒဏ်နဲ့ အစားအသောက်လိုအပ်တာတွေရှိနေတယ်လို့သိရပါတယ်။

‘’ ဒီမှာကတောတဲတွေနဲ့ဘုန်းကြီးကျောင်းတွေမှာအဓိကစစ်ရှောင်ရတယ်။အစားအသောက်ကအရမ်းမခက်ခဲဘူးရာသီဥတုအေးတာကအခက်ခဲဖြစ်တယ်။အဝတ်အထည်လိုတယ်ပေါ့။စစ်ကြောင်းထိုးမီးရှို့တာတွေကဒီကနေ့အထိရှိနေတယ် ။ခုထိစစ်ကြောင်းထိုးနေတုန်းပဲနှစ်ဘက်အကျအဆုံးရှိတယ်။စကစဘက်ကတော့၂၀ကျော်မယ် ။ကိုယ့်ဘက်ကလဲအကျအဆုံးရှိတယ်။တချို့ပျောက်နေတာတွေလဲရှိတော့အတိအကျမသိရသေးဘူး”လို့သူကဆက်ပြောပါတယ်။

ဒီကနေ့အချိန်ထိစစ်ကောင်စီတပ်တွေဟာ အရာတော်မြို့နယ်ထဲကိုစစ်ကြောင်းထိုးပြိးရွာစဉ်လှည့်လည်မီးရှို့နေတာတွေလုပ်နေတာဟာ၅ရက်ရှိနေပြီလို့သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ မြို့နယ်၃၈မြို့နယ်အနက် ဖေဖော်ဝါရီလအတွင်းမှာမြို့နယ်၁၄မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ်ကြေငြာခံခဲ့ရတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာဒီကနေ့အချိန်ထိ စစ်အုပ်ချုပ်ရေးကြေငြာခံရတဲ့မြို့နယ်ပေါင်း၄၇မြို့နယ်ရှိလာပြီဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့ကထုပ်ပြန်တဲ့ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းကာလ နှစ်နှစ်အတွင်းမှာ နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၆၅၄ ကြိမ်ရှိခဲ့ပြီး အရပ်သား ၂၈၈ ဦး သေဆုံးခဲ့ပြီး အရပ်သား ၃၇၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒ့ါအပြင် နှစ်နှစ်ကျော်ကာလအတွင်း စစ်ရှောင် ၁ဒဿမ ၆သန်းကျော်ထဲမှာရှစ်သိန်းနီးပါးနဲ့ မီးရှို့ခံရတဲ့အိမ်ခြေငါးသောင်းခွဲဝန်းကျင်မှာစစ်ကိုင်းတိုင်က လေးသောင်းကျော်ပါဝင်ပါတယ်။